Main menu

Background

ကျောက်မျက်ရုပ်ထု၊ ရုပ်ထွင်း ထုလုပ်ရောင်းချခွင့်လိုင်စင်ရရှိရန် တင်ပြထား

Sun, 03/25/2012 - 06:56 -- Anonymous (not verified)

မန္တလေးမြို့၊ မဟာအောင်မြေ ကျောက်မျက်ရောင်းဝယ်ရေးစခန်းမှာ ရောင်း ဝယ်လုပ်ကိုင်နေကြတဲ့ ကျောက်မျက်ရတနာရောင်းဝယ်ရာမှာ တရားဝင်လုပ်ကိုင် ခွင့်ရဖို့ ကျောက်မျက်ရုပ်ထု၊ ရုပ်ထွင်းထုလုပ်ရောင်းချခွင့် လိုင်စင်အတွက် ကျောက် မျက်ရတနာလုပ်ငန်းရှင်များအသင်းမှ သတ္တုတွင်းဝန်ကြီးဌာနသို့ တင်ထားကြောင်း သိရပါတယ်။မဟာအောင်မြေကျောက်မျက်ရောင်းဝယ်ရေးစခန်းရှိ အကျိုးတော်ဆောင် ကော်မတီမှ အတွင်းရေးမှူး ဦးကျော်မြင့်က "ကျောက်စိမ်းရောင်းဝယ်တဲ့သူမှန်သမျှ တရားဝင်ရောင်းဝယ်ခွင့်ရရှိအောင် တင်ပြထားတယ်။ နိုင်ငံတော်အတွက်လည်း အကျိုးရှိမယ်။ စစ်ကိုင်းမှာ တရားဝင်လိုင်စင်ချထားပြီးပြီ။ မန္တလေးမှာကမရှိသေးလို့ တင်ပြထားတာ။ ဒီဝိုင်းမှာက လက်လုပ်လက်စားများတယ်။ တရားဝင်လိုင်စင်ရ ရှိထားရင် ပိုကောင်းတာပေါ့။ လိုင်စင်လုပ်မယ့်သူတွေအနေနဲ့ ကျောက်မျက်ရတနာ လုပ်ငန်းရှင်များအသင်းနဲ့ အကျိုးတော်ဆောင်ကော်မတီမှာ စာရင်းပေးလို့ရပါတယ်။ လတ်တလောတော့ တင်ပြထားဆဲမှာ လိုင်စင်လုပ်ချင်တဲ့သူ ၅၀ ဦးက စာရင်းပေး ထားတယ်"လို့ ပြောပါတယ်။ ကျောက်မျက်ရုပ်ထု၊ ရုပ်ထွင်းထုလုပ်ရောင်းချခွင့်လိုင်စင် တင်ပြထားရာတွင် လိုင်စင်ကြေးကုန်ကျစရိတ်မှာ ကျောက်မျက်ရတနာလုပ်ငန်းရှင်များ အသင်းဝင်ကြေး ကျပ် ၃၀၀၀၀၊ နှစ်စဉ်ကြေးကျပ် ၂၅၀၀၀၊ သတ္တုတွင်းဝန်ကြီးဌာန လိုင်စင်ကြေး ကျပ် ၅၀၀၀၊ စာရွက်စာတမ်းကြေး ကျပ် ၂၅၀၀၊ စုစုပေါင်းကျပ် ၆၂၅၀၀ ဖြင့် လက်ခံပေးပါရန် တင်ပြထားကြောင်း သိရပါတယ်။အဆိုပါလိုင်စင်ချထားပါကလျှောက်ထားမယ့်သူများမှာ ကျောက်မျက်ရတနာ အသင်းဝင်ထားသူဖြစ်ပြီး  အသင်းမဝင်ရသေးပါက အသင်းဝင်ရမှာဖြစ်ကြောင်း၊ ယင်းလိုင်စင်ဖြင့် ကျောက်မျက်လေလံပွဲများ လေလံဆွဲခွင့်မရှိနိုင်ကြောင်း၊ ကျောက် မျက်ရတနာ တရားဝင်ကိုင်ဆောင်ရောင်းချခွင့်ရှိရန် တင်ပြထားခြင်းဖြစ်ကြောင်း၊ ကျောက်မျက်ရတနာလုပ်ငန်းရှင်များအသင်း (မန္တလေးရုံးခွဲ)မှ သိရပါတယ်။ မန္တလေးမြို့ မဟာအောင်မြေ ကျောက်မျက်ရောင်းဝယ်ရေးစခန်းမှာ  အကွက် ၂၈၂၊ ဈေးဝင်းအရှေ့၊ မဟာအောင်မြေမြို့နယ်တွင် တည်ရှိပြီး အထည်ဆိုင်ခန်း ၁၁၁၇ ခန်း၊ ပျံကျအုတ်ခုံ ၁၇၁ ခုံဖြင့် ကျောက်စိမ်း လက်ကောက်ဝိုင်း၊ အပွင့်ဝိုင်း၊ လွှာချပ်ဝိုင်း၊ ဖြတ်သားဝိုင်း၊ အချောကိုင်လုပ်ငန်းများ (ပန်းပုစက်သွေး) ဝိုင်း ၅ ဝိုင်းဖြင့် ရောင်းဝယ်လုပ်ကိုင်လျက်ရှိကြောင်း သိရပါတယ်။ ဇူးဇူး