Main menu

Background

ပြင်ပဈေးကွက်တွင် အမေရိကန်ဒေါ်လာများ ပြတ်သလောက်ဖြစ်နေ

Mon, 04/02/2012 - 05:16 -- Anonymous (not verified)

            ပြင်ပငွေဈေးကွက်တွင်အမေရိကန် ဒေါ်လာများရောင်းချရန်မရှိသလောက် ပြတ်နေကြောင်းသိရသည်။ အမေရိကန်ဒေါ်လာများကို အရောင်းအဝယ် ပြုလုပ် ရာတွင် ငွေလဲစင်တာများမှ နေ့စဉ်ထုတ်ပြန်သည့်ငွေဈေးထက် ပိုမိုပေးကာ ဝယ်ယူ နေကြကြောင်း သိရသည်။"ကျွန်တော်တို့ အခု ဒီအပြင်ဈေးကွက်မှာ ဒေါ်လာက ပြတ်သလောက် ကိုဖြစ်နေတာ။ ကျွန်တော်တို့က အဝယ်ပဲရှိတယ်။ အရောင်းက မဆိုစလောက်ပဲဖြစ် နေတာ။ ဒီတစ်ပတ်မှာ ပိုဆိုးတယ်။ ဗဟိုဘဏ်ကလည်း နှုန်းရှင်သတ်မှတ်မယ်ဆိုတဲ့ သတင်းကလည်း အရင်တုန်းက ထင်ကြေးပဲပေးကြတာ။ အခုဟာက တကယ်ဖြစ် သွားပြီဆိုတော့ ကျွန်တော်တို့ဈေးကွက် က ပျောက်သေ လာက်ဖြစ်နေပြီ။ အခုဆိုရင် စင်တာတွေနဲ့ ပုဂ္ဂလိကငွေလဲစင်တာတွေမှာ ဝယ်ရောင်းလုပ်လို့ရတယ်ဆိုတော့ ကျွန်တော်တို့ ဆီကို ဟောင်းနွမ်းငွေလောက်ပဲ ရောက်လာတာ။ ငွေဈေးကလည်း နည်းတော့ ဒီကိုရောက်လာတာတော်တော် ကိုနည်းသွားပြီ။ ဒီနေ့ဆိုရင် လာရောင်း တဲ့သူနောက်ကို ကျွန်တော်တို့ပြန်လိုက်နေကြရတာ။  ဒီမှာက ၈၂၀ ကျပ်ပဲပေါက် တာ။ ဒါပေမယ့် ရောင်းမယ့်ငွေများရင်များသလို ဈေးကိုပိုပေးလိုက်တာပဲ။ လေးငါး ရာလောက်ရောင်းမယ်ဆိုရင် ၈၄၀ လောက်နဲ့ကို ဝယ်နေကြတာ။ သူ့ထက်ငါ အလု အယက်ပဲလေ"ဟု ဒေါ်လာပွဲစားတစ်ဦးက ပြောသည်။ပြင်ပဈေးကွက်တွင် ယခင်က စင်တာများတွင် ရောင်းချသည့်ငွေဈေးထက် အနည်းငယ်လျော့နည်းခဲ့သော်လည်း ယခုတစ်ပတ် တွင် ဈေးပိုပေးကာ ဝယ်ယူနေ ကြကြောင်း သိရသည်။ ပြင်ပဈေးကွက်တွင် ဒေါ်လာများ ပြတ်နေခြင်းကြောင့် ယခုကဲ့သို့ဈေးပိုပေး ကာ ဝယ်ယူနေခြင်းဖြစ်ကြောင်း သိရသည်။ ငွေလဲနှုန်းကိုလည်း နှုန်းရှင်အဖြစ် ဧပြီ ၁ရက်မှစတင်သတ်မှတ်မည်ဟု သတင်းအတိအကျ ထွက်ပေါ်ပြီး သည့်နောက်ပိုင်းတွင် ယခုကဲ့သို့ ဒေါ်လာပြတ်လပ်မှုများ ဖြစ်ပေါ်ခဲ့ရခြင်းဖြစ် ကြောင်း သိရသည်။"အခုလို နှုန်းရှင်သတ်မှတ်လိုက်တဲ့အတွက် စင်တာတွေက လိုသလောက် ကို ရောင်းကြဝယ်ကြတော့မယ်။ အဲဒီလိုမျိုးဖြစ်လာရင်တော့ ကျွန်တော်တို့အပြင် ပွဲစားလောက ပျောက်သွားမှာကတော့အသေအချာပဲ"ဟု ဒေါ်လာပွဲစားတစ်ဦးက သုံးသပ်ပြခဲ့သည်။                                             မယ်သီတာ