Main menu

Background

မြန်မာနိုင်ငံ၏ နိုင်ငံခြားငွေလဲလှယ်နှုန်း အစီအစဉ် စတင်ပြောင်းလဲ

Mon, 04/02/2012 - 10:15 -- Anonymous (not verified)

             မြန်မာနိုင်ငံတော်ဗဟိုဘဏ်သည် ၂၀၁၂ ခုနှစ် ဧပြီ ၁ရက်မှစတင်၍ နိုင်ငံခြားငွေလဲလှယ်နှုန်းအား ဈေးကွက် အခြေခံ သော ထိန်းကျောင်းမှုရှိသည့် နှုန်းရှင်ငွေလဲလှယ်နှုန်းစနစ် (Managed Floating Exchange Rate Regime) ကို စတင် ကျင့်သုံးမည်ဖြစ်ပါသည်။ နိုင်ငံသုံးငွေကြေး မြန်မာကျပ်၏တန်ဖိုးအား နိုင်ငံခြားသုံးငွေဖြင့် တန်ဖိုးသတ်မှတ်ရာတွင် ယင်းနေ့မှ စ၍ နိုင်ငံခြားငွေဈေးကွက်ရှိ ရောင်းလိုအားနှင့်ဝယ်လိုအား အခြေအနေများအရ သတ်မှတ်မည်ဖြစ်ကြောင်း ဗဟိုဘဏ်၏ သတင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ ပြောင်းလဲကျင့်သုံးမည့် နိုင်ငံခြားငွေလဲလှယ်နှုန်းစနစ်သစ်နှင့်အညီ ရည်ညွှ န်းနိုင်ငံခြား ငွေလဲ လှယ်နှုန်း  (Reference Foreign Exchange Rate) ကို မြန်မာနိုင်ငံတော်ဗဟို ဘဏ်မှ နေ့စဉ် ထုတ်ပြန်ကြေညာ သွား မည်ဖြစ်ကြောင်း သိရသည်။ ဤအစီအစဉ် မှာ ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော်အစိုးရမှဆောင်ရွက်လျက်ရှိသည့် စီးပွားရေး စနစ်အား ခေတ်မီစေမည့် ပြုပြင်ပြောင်းလဲရေး အစီအစဉ်များ၏ အစိတ်အပိုင်းတစ်ခုဖြစ်ပြီး အဓိကအားဖြင့် အမျိုးမျိုးသော ငွေလဲ လှယ်နှုန်းများကို ပေါင်းစည်းရန်နှင့် လက်ရှိအပြည်ပြည်ဆိုင်ရာပေးချေမှုများ၊ ပြည်ပငွေလွှဲပေးပို့မှုများအပေါ် တားမြစ် ချက်များကို တဖြည်းဖြည်းချင်း ဖယ်ရှားပေးရန်ဖြစ်ကြောင်း သိရသည်။၁၉၇၇ ခုနှစ်မှစ၍ အထူးထုတ်ယူခွင့် (SDR) တစ်ယူနစ်လျှင် ၈ ဒသမ ၅၀၈၄၇ ကျပ်ဖြင့် ချိတ်ဆက်သတ်မှတ်ခဲ့ သည့် တရားဝင်နိုင်ငံခြားငွေလဲလှယ်နှုန်းအား ယခုကဲ့သို့ ဈေးကွက်မှသတ်မှတ်ပေးသည့် နိုင်ငံခြားငွေလဲလှယ်နှုန်းဖြင့် အစား ထိုး ခြင်းမှာ နိုင်ငံခြားငွေလဲလှယ်နှုန်းများအား ပေါင်းစည်းရေးအတွက် ပထမအ ဆင့်ဖြစ်ပြီး မြန်မာနိုင်ငံတော်ဗဟိုဘဏ် သည် ဈေးကွက်နိုင်ငံခြားငွေ လဲလှယ်နှုန်းအပေါ်လိုအပ်သလို ထိန်းကျောင်းဆောင်ရွက်မည်ဖြစ်ပါသည်။ ဤလုပ်ငန်းစဉ်များ အဆင် ပြေချောမွေ့စေရန် မြန်မာနိုင်ငံတော်ဗဟိုဘဏ်နှင့် ပြည်တွင်းပြည်ပမှ တာဝန်ရှိအဖွဲ့အစည်းများ ပူးပေါင်းဆောင်ရွက်လျက်ရှိ ပါသည်။ ၂၀၁၂-၁၃ဘဏ္ဍာရေးနှစ် ပြည်ထောင်စု၏ရသုံးမှန်းခြေငွေစာရင်းရေးဆွဲရာတွင် နိုင်ငံတော်စီးပွားရေးအဖွဲ့အစည်းများ၊ ဝန်ကြီးဌာနများ၏ နိုင်ငံခြားငွေအရအသုံးဆိုင်ရာ လျာထားမှုများအား ဈေးကွက်နိုင်ငံခြားငွေလဲလှယ်နှုန်းနှင့် လိုက်လျော ညီ ထွေဖြစ်စေနိုင်သော ခန့်မှန်းခြေတစ်ရပ်ဖြင့် တွက်ချက်လျာထားပြီးဖြစ်ကြောင်း သိရသည်။ မြန်မာနိုင်ငံတော် ဗဟိုဘဏ်သည် မြန်မာနိုင်ငံ၏ နိုင်ငံခြားငွေလဲလှယ်နှုန်း အစီအစဉ်ပြောင်းလဲမှုများ ကို ပြည်သူလူထုသိရှိစေရန် ဆက်လက်သတင်း ထုတ်ပြန်ပေး မည်ဖြစ်ကြောင်း သိရသည်။                                                                         မယ်သီတာ