တရုတ်နဲ့ ဖိလစ်ပိုင် ဝယ်လိုအားက ဗီယက်နမ်ဆန်ဈေးကို မြှင့်တင်

    ဖိလစ်ပိုင်နဲ့တရုတ်က ဝယ်လိုအားရှိနေတဲ့အတွက် လာမဲ့သီတင်းပတ်တွေမှာ ဗီယက်နမ်ဆန်ဈေး မြင့်တက်ဖွယ်ရှိပြီး၊ ထိုင်းဆန်ဈေးကတော့ နိုင်ဂျီးရီးယားရဲ့  အဝယ်တန့်လာနေပြီး ဈေးနှုန်းစတင်ကျဆင်းလာနေပြီလို့ ကုန်သည်များနဲ့ တင်ပို့ သူများက ဆိုပါတယ်။ ဆိုင်ဂုန်ဆိပ်ကမ်းမှာ ၅ မှတ်ဆန် FOB ဈေးက တစ်တန် ကန်ဒေါ်လာ ၄၃၅-၄၄၅ ရှိလာခဲ့လို့ ယခင်သီတင်းပတ်ဈေး တစ်တန်ကန်ဒေါ်လာ ၄၄၀-၄၄၅ ထက် အနည်းငယ် လျော့ကျခဲ့ပါတယ်။ ၂၅ မှတ်ဆန်ဈေးမှာ ယခင် တစ်ပတ်က ကန်ဒေါ်လာ ၃၉၀-၃၉၅ ရှိရာမှ ယခုတစ်ပတ်မှာ ကန်ဒေါ်လာ ၃၉၀-၄၀၅ ကို အနည်းငယ် တိုးလာခဲ့ပါ တယ်။    ဖိလစ်ပိုင်ကိုတင်ပို့ဖို့ရှိနေခြင်းနဲ့ အိမ်နီးချင်းတရုတ်က အဝယ်ပုံမှန်ရှိနေတဲ့အတွက် လာမယ့်သီတင်းပတ် တွေမှာ ဈေးနှုန်း ထပ်မံမြင့်တက်ဖွယ်ရှိတယ်လို့  ကုန်သည်များကဆိုပါတယ်။ ဗီယက်နမ်နိုင်ငံဟာ ဧပြီလလယ်မှစပြီး ဆန်တန်ချိန်စုစုပေါင်း ၅ သိန်းတင်ပို့ဖို့ ဖိလစ်ပိုင်နဲ့ စာချုပ်ထားကြောင်းသိရပါတယ်။ ဒါ့အပြင် တရားဝင်ကုန်သွယ်မှု လမ်းကြောင်းမှ တရုတ်ကို ၅ မှတ်ဆန်စုစုပေါင်းတန်ချိန် ၅၅၀၀၀၀ အတွက်လည်း စာချုပ်များစွာချုပ်ဆိုထားတယ်လို့ ဗီယက်နမ် စားနပ်ရိက္ခာ အသင်း ဥက္ကဌ Truong Thanh Phong  မှ ပြောကြားပါတယ်။ နယ်စပ်မှ တရားမဝင် ရောင်းချမှုအနေနဲ့ တရုတ်ကို နောက်ထပ် တန်ချိန် ၄ သိန်းလည်း တင်ပို့ခဲ့တယ်လို့ ဆိုပါတယ်။    မကြာသေးခင် သီတင်းပတ်များအတွင်း နိုက်ဂျီးရီးယားမှ မျှော်မှန်းမထားတဲ့ဝယ်လိုအားကြောင့် ထိုင်းဆန်ဈေး မြင့် တက်ခဲ့ပါတယ်။ နိုက်ဂျီးရီးယားဝယ်လက်များဟာ အိန္ဒိယနိုင်ငံ ဆိပ်ကမ်းအခက်အခဲများအပေါ် စိုးရိမ်မှုတွေကြောင့် ထိုင်း ဆန်တင်ပို့သူတွေထံက ဆန်တန်ချိန် တစ်သိန်း ပြောင်းလဲဝယ်ယူခဲ့တာဖြစ်ပါတယ်။ နိုက်ဂျီးရီးယား အမှာအတွက် တင်ပို့မှုက လာမယ့်သီတင်းပတ်တွေမှာ လျော့ကျဖွယ်ရှိတယ်လို့ ဘန်တန် အခြေစိုက် ကုန်သည်တစ်ဦးက ဆိုပါတယ်။    ထိုင်း ၁၀၀ မှတ် ဆန်ဖြူဈေးက ယခင်သီတင်းပတ်က တစ်တန်ကန်ဒေါ်လာ ၅၆၀ ရှိရာမှ ကန်ဒေါ်လာ ၅၅၀ ကို ကျဆင်း ခဲ့ပြီး၊ ၅ မှတ်ဆန်ဈေးကလည်း ကန်ဒေါ်လာ ၅၅၀ ရှိရာမှာ ၄၉၅ ကို လျှော့ချကမ်းလှမ်းခဲ့တယ်လို့ သိရပါတယ်။ ယခုနှစ် ပထမ ၃ လအတွင်း ထိုင်းဆန်တင်ပို့မှုက ယခင်နှစ်ကတန်ချိန် ၂ ဒသမ ၆ သန်းရှိရာမှ တန်ချိန် ၁ ဒသမ ၃ သန်းကို ကျဆင်းခဲ့ပါတယ်။ ဒါပေမဲ့ ထိုင်းအစိုးရမှ ဆန်တစ်တန်ကန်ဒေါ်လာ ၅၀၀ အထက်မှာ တည်ငြိမ်အောင် ကြားဖြတ် ဆောင်ရွက်နိုင်တဲ့ အခြေအနေရှိလို့ ထိုင်းဆန်ဈေး သိသိသာသာမကျဆင်းနိုင်ဘူးလို့ ကုန်သည်များကဆိုပါတယ်။လမင်း၊Source: Reuters