နယ်စပ်မှ ပထမအကြိမ် ကမ္ဘောဒီးယား ဆန်တင်ပို့မှုကို တရုတ်က ရုတ်တရက် ရပ်တန့်
ကမ္ဘောဒီးယားနိုင်ငံမှ တရုတ်ကို ပထမအကြိမ် တိုက်ရိုက်ဆန်တင်ပို့ခဲ့ကြောင်း၊ ဧပြီလ ၃ ရက်နေ့မှာ အစိုးရအရာရှိတစ်ဦးမှ ထုတ်ဖော် ပြောကြားခဲ့ပါတယ်။ ဒါပေမယ့်ပြည်တွင်းဆန်တင်ပို့သူတွေကို ကြီးမားတဲ့တရုတ်ဆန်ဈေးကွက် ပွင့်လာပြီလို့ မျှော်လင့် စမ်းသပ်မှုက အောင်မြင်မှုမရှိခဲ့ကြောင်းသိရပါတယ်။ ၂ နိုင်ငံအကြား ဆန်ကုန်သွယ်မှု အရှိန်ရရှိစေဖို့ စမ်းသပ်တဲ့အနေနဲ့ ယခုနှစ်အစပိုင်းမှာ တရုတ်နိုင်ငံကို Golden Rice ကုမ္ပဏီက ဆန် ၄၈ တန် တင်ပို့ခဲ့တယ်လို့ ကုမ္ပဏီ ဥက္ကဌ Sok Hach မှ ပြောကြားပါတယ်။ ဒါပေမယ့် တရုတ်နိုင်ငံတောင်ပိုင်း ဆိပ်ကမ်းမြို့ Shen Zhen ကိုရောက်ရှိပြီးနောက် စံချိန်စံညွှန်းစစ်ဆေးမှုနဲ့ မကိုက်ညီ ခဲ့ဘူးလို့ ဆိုပါတယ်။ ဒါဟာ ကမ္ဘောဒီးယားဆန်အရည်အသွေးနဲ့ ပတ်သက်လို့ ပြဿနာမရှိကြောင်း၊ တရုတ်ဘက်က စာရွက် စာတမ်း ပြဿနာသာဖြစ်ခဲ့တယ်လို့ ကမ္ဘောဒီးယားဆန်တင်ပို့မှု ကဏ္ဍနဲ့ ပတ်သက်လို့ ဆွေးနွေးစဉ်အတွင်း Sok Hach မှ ပြောကြားခဲ့ပါတယ်။ ဒါဟာ သင်္ဘောတင်ပို့နည်းပညာအဆင့်နဲ့ နိုင်ငံရေးအဆင့်ကြား ကွဲလွဲမှုတချို့သာဖြစ်တယ်လို့ ဆိုပါတယ်။ နိုင်ငံရေးအရ တင်းကျပ်တဲ့ စည်းမျဉ်းမရှိရင် ကမ္ဘောဒီးယားဆန်ဟာ တရုတ်နိုင်ငံမှာ အခွင့်အရေး ရှိနိုင် တယ်လို့ ကမ္ဘောဒီးယားစိုက်ပျိုးရေး ဖွံ့ဖြိုးမှုမှ ကျွမ်းကျင်သူတစ်ဦးက ဆိုပါတယ်။ တရုတ်ကုမ္ပဏီများဟာ လွန်ခဲ့တဲ့ နှစ်က ကမ္ဘောဒီးယား ဆန်စက်လုပ်ငန်းရှင်များနဲ့ နားလည်မှုစာချွန်လွှာ (MOU)များစွာ ရေးထိုးခဲ့ပေမယ့် အဲဒီ သဘောတူညီချက်တွေက နိုင်ငံရေးအရသာဖြစ်ပြီး လက်တွေ့ဖော်ဆောင်လာခြင်းမရှိဘူးလို့ Sok Hach မှ ပြောကြားပါတယ်။ ၂၀၁၁ နှစ်လယ်ပိုင်းမှာ ကမ္ဘောဒီးယား ဆန်စက်များဖြစ်တဲ့ Sona Group နဲ့ TTY Group တို့ဟာ ဆန်တန်ချိန် ၂ သောင်းဝယ်ယူဖို့ လက်မှတ်ရေးထိုးခဲ့ပေမယ့် ယခုအချိန်ထိ ကမ္ဘောဒီးယားဆိပ်ကမ်းများက တင်ပို့ခြင်း မရှိဘူးလို့ ဆိုပါတယ်။ တရုတ် ဈေးကွက်ကို ထိုးဖောက်ရခြင်းဟာ ဥရောပသမဂ္ဂလိုဈေးကွက်ထက် ပိုမိုခက်ခဲတယ်လို့ Sok Hach မှ ဆိုပါတယ်။ လွန်ခဲ့တဲ့ ၂ နှစ်က ဥရောပဈေးကွက်ကို အခုလို နမူနာပေးပု့ိခဲ့ရာမှာ စည်းမျဉ်း ပြဿနာမျိုး မရှိခဲ့ဘူးလို့ ဆိုပါတယ်။ အခု လို အခြေအနေဖြစ်နေပေမယ့်ဒီနှစ်တရုတ်နိုင်ငံကို ကမ္ဘောဒီးယား ဆန်တိုက်ရိုက်စတင် တင်ပို့မယ်လို့ Sok Hach မှ အခိုင် အမာ ပြောကြားခဲ့ပါတယ်။လဝန်းSource: phrompenhpost.com
