နိုက်ဂျီးရီးယားကို ဆန်တင်ပို့မှု လျှော့ချရပြီဖြစ်လို့ မေလမှစပြီး ထိုင်းနိုင်ငံရဲ့ လစဉ်ဆန်တင်ပို့မှု ကျဆင်းဖွယ်ရှိ
ထိုင်းဆန်များနိုက်ဂျီးရီးယားကိုအပြည့်အဝတင်ပို့မှုပြီးပြီဖြစ်လို့မေလကစပြီး ထိုင်းနိုင်ငံရဲ့ လစဉ် ဆန်တင်ပို့မှုဟာ တန်ချိန် ၄ သိန်းကိုကျဆင်းဖွယ်ရှိတယ်လို့ သိရပါတယ်။ဒါ့အပြင် အိန္ဒိယနိုင်ငံကလည်းယခုနှစ် ထိုင်းဆန်တင်ပို့မှု ပမာဏကို ထိခိုက် စေတယ်လို့ ဆိုပါတယ်။ လွန်ခဲ့တဲ့ လအနည်းငယ်အတွင်း တိုးတက်ခဲ့တဲ့ ထိုင်းဆန်တင်ပို့မှုဟာ ထိုင်းနိုင်ငံနဲ့ အခြားဆန်တင်ပို့ နိုင်ငံတွေဖြစ်တဲ့ အိန္ဒိယနဲ့ ဗီယက်နမ်တို့အကြား ဈေးနှုန်းကြီးမားစွာ ကွာဟမှုကြောင့် တင်သွင်းသူများ ဝယ်လိုအားကျဆင်း ခဲ့တဲ့ အတွက် မကြာမီတစ်ဖန်လျော့ကျလာမယ်လို့ အမေရိကန်စိုက်ပျိုးရေးဌာန (USDA) နဲ့ ထိုင်းကုန်သည်များက တူညီတဲ့ အမြင်တွေရှိခဲ့ကြပါတယ်။ (USDA) ရဲ့ အစီရင်ခံစာမှာ ထုတ်လုပ်မှုမြင့်ပြီး သိုလှောင်မှုများတဲ့ အိန္ဒိယ (သို့မဟုတ်) ဗီယက်နမ်ကို ကမ္ဘာ့အကြီးဆုံး ဆန်တင်ပို့သူဆိုတဲ့ နေရာကို ထိုင်းနိုင်ငံက ဆုံးရှုံးရမယ်ဆိုတဲ့ ဖြစ်နိုင်ခြေက ပိုမိုကြီးမားလာစေခဲ့ပါတယ်။ အိန္ဒိယရဲ့ ဆန်တင်ပို့မှု ပမာဏဟာ ယခုနှစ်မှာ တန်ချိန် ၇ သန်းအထိရှိနိုင်သလို ဗီယက်နမ်ကလည်း အဲဒီပမာဏအထိရှိလာနိုင်တယ်လို့ ခန့်မှန်း ထားပါတယ်။ ထိုင်းနိုင်ငံက ဆန်တန်ချိန် ၆ ဒသမ ၅ သန်းခန့်သာ တင်ပို့နိုင်ဖွယ်ရှိပါတယ်။ အကယ်လို့သာ အဲဒီပမာဏ အတိုင်းဖြစ်လာခဲ့ပါက၁၉၈၂ ခုနှစ်စပြီး အကြီးဆုံး ဆန်တင်ပို့သူအဖြစ် နှစ် ၃၀ ခန့်ရှိခဲ့တဲ့ ထိုင်းနိုင်ငံအနေနဲ့ အဲဒီထိပ်တန်း နေရာကို ဆုံးရှုံးရမယ်လို့ ဆိုပါတယ်။ အကယ်လို့သာထိုင်းနိုင်ငံက ဆန်တန်ချိန် ၆ ဒသမ ၅ သန်းသာတင်ပို့ရင် ၂၀၀၀ ခုနှစ်မှာ ဆန်တန်ချိန် ၆ ဒသမ ၅၆ သန်းသာတင်ပို့ခဲ့လို့ ၁၂ နှစ်အတွင်းအနည်းဆုံးပမာဏကိုကျဆင်းလာမှာဖြစ်ပါတယ်။ နိုက်ဂျီးရီးယား အစိုးရက ဆန် တင်သွင်းခွန်ကို လက်ရှိ ၃၃ ရာခိုင်နှုန်းရှိရာမှ ယခုနှစ် ဇူလိုင်လမှာ ၅၃ ရာခိုင်နှုန်းကို မြှင့်တင်မှာဖြစ်လို့ လွန်ခဲ့တဲ့လအနည်း ငယ်အတွင်း ထိုင်းဆန်တင်ပို့မှုဟာလစဉ်ပျမ်းမျှ တန် ၆သိန်းကို မြင့်တက်လာခြင်းဖြစ်တယ်လို့ ထိုင်းဆန်တင်ပို့သူများ အသင်း ရဲ့ ဥက္ကဌဟောင်း Chookiat Ophaswongse မှ ရှင်းလင်းပါတယ်။ ဒါကြောင့် နိုက်ဂျီးရီးယားဟာ ၎င်းရဲ့ သိုလှောင်မှုကို မြှင့်တင်ဖို့ အိန္ဒိယ ဆန်တင်ပို့မှုနှေးကွေးနေချိန်မှာ ထိုင်းပေါင်းဆန်ကို အရှိန်အဟုန်နဲ့ တင်သွင်းခဲ့တာဖြစ်ပါတယ်။ အိန္ဒိယဟာ နောက်ထပ်ပေါင်းဆန် အဓိက ရောင်းချသူဖြစ်ပါတယ်။ ဒါပေမဲ့ နိုက်ဂျီးရီးယား ဝယ်လက်များက ၎င်းရဲ့ တင်သွင်းအမှာများ လျှော့ချစပြုလာပြီဖြစ်လို့ လာမယ့်လတွေမှာ ထိုင်းဆန်တင်ပို့မှု ပမာဏဟာ တန်ချိန် ၅ သိန်းကိုသာ လျော့ကျလာမယ်လို့ ဆိုပါတယ်။ အသင်းဒုတိယဥက္ကဌ Sermsak Kuonsongtum ပြောကြားတာတော့ မေလအတွင်းဆန်တင်ပို့မှုဟာ ယခုနှစ် တင်ပို့တဲ့ပမာဏထဲမှာ အများဆုံးဖြစ်ပေမဲ့ အဲဒီနောက်ပိုင်းမှာ အိန္ဒိယနဲ့ ဗီယက်နမ်ဆန်ဈေးက ဈေးသက်သာတဲ့အတွက် ကမ္ဘာ့ဝယ်လိုအားက ကျဆင်းမယ်လို့ ဆိုပါတယ်။ အင်ဒိုနီးရှားက ဆန်တန်ချိန် ၁ သန်းခန့်ထိ အသစ် တင်သွင်းဖို့ ဆုံးဖြတ်ရင်တော့ ပြည်ပတင်ပို့မှု ပြန်တက်လာ နိုင် တယ်လို့ ဆိုပါတယ်။ အဲဒီအချိန်မှာတော့ ထိုင်းနိုင်ငံက အရောင်းစာချုပ်အချို့ရရှိလိမ့်မယ်လို့ ဆိုပါတယ်။ ဒါ့အပြင် ဗီယက်နမ် က ဆန်ဈေး မြှင့်တင်ပြီးရင် ထိုင်းနိုင်ငံအနေနဲ့ အရှေ့အလယ်ပိုင်းဈေးကွက်များကို ဆန်တင်ပို့ဖို့ ရွှေ့ပြောင်းလာနိုင် တယ်လို့ ဆိုပါတယ်။ဆန်တင်ပို့မှု နှေးကွေးဖွယ်ရှိတာကြောင့် ထိုင်းဆန်ကုန်သည်များဟာ ဆန်သိုလှောင်မှုပမာဏ အနည်းငယ် သာရှိတယ်လို့ Sermsak မှ ဆိုပါတယ်။ ယခုရိတ်သိမ်းရာသီမှ ဆန်အများစုဟာ စပါးဈေးအမြင့်ပေးတဲ့ အစိုးရ အပေါင်ခံ အစီအစဉ်ထဲကို ဝင်ရောက်လာတယ်လို့ ဆိုပါတယ်။ အသင်းရဲ့ စာရင်းအရ ဇန်နဝါရီလ ၁ ရက်မှ ဧပြီလ ၁၁ ရက်အထိ စုစုပေါင်း ဆန်တင်ပို့မှုဟာ တန်ချိန် ၁ ဒသမ ၈၄ သန်းရှိလို့ ယခင်နှစ်ကာလတူ တင်ပို့ခဲ့တဲ့ တန်ချိန် ၃ ဒသမ ၃၉ သန်း ထက် ၄၅ ဒသမ ၇၂ ရာခိုင်နှုန်း ကျဆင်းခဲ့တယ်လို့ သိရပါတယ်။ လဝန်း၊Source: riceonline
