ကမ္ဘောဒီးယား ဆန်တင်ပို့မှုနဲ့ ပတ်သက်လို့ ဆန်သုတေသနဖိုရမ် ကျင်းပ

    ကမ္ဘောဒီးယားနိုင်ငံရဲ့ လက်ရှိဆန်စပါးသုတေသနအဆင့်အတန်းနဲ့ဖွံ့ဖြိုးမှုကိုဆွေးနွေးဖို့နဲ့ နိုင်ငံရဲ့ ဆန်ထုတ်လုပ်၊ တင်ပို့မှု တို့မှာ စိန်ခေါ်နေရတာတွေကို အလေးထားဖော်ထုတ်နိုင်ဖို့အတွက် ဧပြီလ ၃၀ ရက် ဖနွမ်းပင်မှာ ကမ္ဘောဒီးယားနဲ့နိုင်ငံတကာ အဖွဲ့အစည်းများမှ ကျွမ်းကျင်သူများ တွေ့ဆုံကြတယ်လို့သိရပါတယ်။ အဲဒီကမ္ဘောဒီးယား ဆန်သုတေသနဖိုရမ်ကို သြစတြေးလျ အစိုးရရဲ့အထောက်အပံ့နဲ့ ဆန်သုတေသနတက္ကသိုလ် (IRRI) နဲ့ ကမ္ဘောဒီးယားစိုက်ပျိုးရေးဝန်ကြီးဌာနတို့မှ ပူးပေါင်းကျင်းပခြင်း ဖြစ်တယ်လို့ သိရပါတယ်။ အဲဒီဖိုရမ်မှာ နိုင်ငံတကာသိပ္ပံပညာရှင်များ၊ ပြည်တွင်းသိပ္ပံပညာရှင်များ၊ နိုင်ငံအတွင်း အစိုးရဌာနများမှ တာဝန်ရှိသူများတက်ရောက်ပြီး ဆန်သုတေသနအခြေအနေနဲ့ကြုံတွေ့နေရတဲ့ အဓိကစိန်ခေါ်မှုများကိုကျော်ဖြတ်ပြီး၊ ထုတ်လုပ်မှု တိုးတက်ဖို့ နိုင်ငံရဲ့ဆန်စပါးကဏ္ဍဖွံဖြိုးမှုအရှိန်အဟုန်မြှင့်ဆောင်ရွက်ရေးစတာတွေကို စိုက်ပျိုးရေးဝန်ကြီး Chan Sarun  မှ အဖွင့်အမှာစကားပြောကြားတယ်လို့သိရပါတယ်။ အိမ်နီးချင်း ဗီယက်နမ်နိုင်ငံက တစ်ဟက်တာ ၅ ဒသမ ၃ တန်၊ လာအိုနိုင်ငံက ၃ ဒသမ ၅ တန်နှုန်းထွက်ရှိမှုနဲ့နှိုင်းယှဉ်ရင် ၂၀၁၁ အတွင်းမှာ ၃ ဒသမ ၂ တန်ခန့်သာရှိပြီး၊ အထွက်နှုန်းနည်းနေဆဲဖြစ်တယ်လို့ ဆိုပါတယ်။    ယခုဖိုရမ်မှ ဆန်ထုတ်လုပ်မှုတိုးမြှင့်ရေး အောင်မြင်မှုများရရှိမယ်လို့ ယုံကြည်ကြောင်းလည်း၎င်းမှပြောကြားပါတယ်။ နိုင်ငံရည်မှန်းချက်ဖြစ်တဲ့ ၂၀၁၅ မှာ ဆန်တန်ချိန် ၁ သန်းတင်ပို့မှုအောင်မြင်ရေးအတွက် ယခုဖိုရမ်မှာ အမြင်ချင်းဖလှယ်ခြင်းဖြင့် အခွင့်အလမ်းများရရှိမယ်လို့လည်းဆိုပါတယ်။ ဖိုရမ်ကျင်းပခြင်းဟာ ရှိပြီးဖြစ်တဲ့သုတေသနမှ အဓိကရှာဖွေချက်များဖြန့်ဝေတဲ့ အရေးပါတဲ့နည်းလမ်းတစ်ခုဖြစ်သလို အစိုးရရဲ့ရည်မှန်းချက်ကို အထောက်အပံ့ပြုဖို့လိုအပ်တဲ့အနာဂတ်သုတေသနကိုလည်း အားပေးအားထားမှုလည်းဖြစ်တယ်လို့ကမ္ဘောဒီးယားမှာရှိတဲ့ သြစတြေးလျသံအမတ်  Penny  Rchards မှ ပြောကြားပါတယ်။     ကမ္ဘောဒီးယားနိုင်ငံဟာယခင်နှစ်ကစပါးတန်ချိန် ၈ ဒသမ ၈ သန်းခန့်ထုတ်လုပ်ခဲ့ပြီး၊ ယခုနှစ်မှာ ပြည်ပ တင်ပို့ဖို့ တန်ချိန် ၄ သန်းခန့်ရှိတယ်လို့ Chan Sarun  မှ ပြောကြားပါတယ်။၂၀၁၅ မှာ ဆန်တန်ချိန် ၁ သန်းထိ တိုးမြှင့်တင်ပို့နိုင်ရေး အစိုးရမှ ၂၀၁၀ သြဂုတ်လမှာ ဆန်တိုးမြှင့်တင်ပို့ရေးဗျူဟာတစ်ခုချမှတ်ခဲ့ပါတယ်။ ဒါပေမဲ့ ရိတ်သိမ်းချိန်လွန်နည်းပညာတိုးတက်မှုမရှိခြင်းနဲ့ ငွေအရင်းအနှီးမရှိခြင်းတို့က ဆန်တင်ပို့မှုတိုးမြှင့်ခြင်းကို အဟန့်အတားဖြစ်စေခဲ့ပါတယ်။ ရိတ်သိမ်းချိန်လွန်နည်းပညာမှာ ရင်းနှီး မြှုပ်နှံဖို့နဲ့ဆန်တင်ပို့ဖို့အတွက်လျာထားချက်အောင်မြင်ဖို့ တောင်သူလယ်သမားများထဲက စပါးဝယ်ယူဖို့ ကန်ဒေါ်လာ သန်း ၃၅၀ ခန့် လိုအပ်တယ်လို့သိရပါတယ်။                                                လမင်း၊Source: riceonline