နိုင်ငံတကာကုန်သွယ်မှုလုပ်ငန်းများ ကျယ်ပြန့်လာတာနဲ့အမျှ မြဝတီမြို့အတွက်သာမက ကရင်ပြည်နယ် တစ်ခုလုံး ကိုယ်စားပြုလုပ်ငန်းများ ဆောင်ရွက်ကြရမှာဖြစ်ကြောင်း၊ ကုန်သည်များ၊ လုပ်ငန်းရှင်များ၊ ကုန်သည်ကြီးများအသင်း၊ One Stop Services အဖွဲ့ဝင်ဌာနဆိုင်ရာများ၊ နယ်စပ်ကုန်သွယ်ရေးဦးစီးဌာနတို့ ပေါင်းစပ်ညှိနှိုင်းပြီး လုပ်ဆောင်မှသာ ကုန်သွယ်မှု တိုးတက်မြင့်မားလာမယ်လို့ ခရိုင်အုပ်ချုပ်ရေးမှူး ဦးမြင့်တင်က ဧပြီလ ၃၀ ရက်က ပြုလုပ်တဲ့ မြဝတီနယ်စပ်ကုန်သွယ်မှု မြှင့်တင်ရေး အစည်းအဝေးမှာ ပြောကြားခဲ့တာ ဖြစ်ပါတယ်။ ကုန်သွယ်မှုပမာဏများကိုကြည့်လျှင် တစ်နေ့ထက်တစ်နေ့ တိုးတက်လာတာကိုတွေ့ရကြောင်း၊ ဒါပေမယ့် ယခင်က ထက် လျင်လျင်မြန်မြန်တိုးတက်စေလိုကြောင်း၊ လုပ်ငန်းများဆောင်ရွက်ရာမှာ Inline ဖြစ်မဖြစ်ကို ကုန်သည်လုပ်ငန်းရှင်များ စဉ်းစားချင့်ချိန်လုပ်ဆောင်ကြရမှာဖြစ်ကြောင်း၊ ကုန်သည်လုပ်ငန်းရှင်များအနေနဲ့ မိမိတို့ယာဉ်များအား ရှောင်ကွင်းလမ်းမှ သွားရောက်ခြင်းမရှိဘဲ ကုန်သွယ်ရေးဇုန်အတွင်းသို့ဝင်ရောက်ပြီး နိုင်ငံတော်ကို တရားဝင်အခွန်အခများပေးဆောင်၍ လုပ်ထုံးလုပ်နည်းနဲ့အညီ ဆောင်ရွက်စေလိုကြောင်း၊ ရှောင်ကွင်းလမ်းမှ သွားရောက်နေတဲ့ယာဉ်များအား ထိန်းကျောင်းရန် မြို့နယ် အုပ်ချုပ်ရေးမှူးရုံးမှ ဦးဆောင်တဲ့အဖွဲ့အား တာဝန်ပေး ထားပြီးဖြစ်ကြောင်းလည်း အုပ်ချုပ်ရေးမှူးက ပြောကြားပါတယ်။ ရှောင်ကွင်းလမ်းများမှမသွားရောက်ရန် အမိန့်စည်းကမ်းတစ်စုံတစ်ရာထုတ်ပြန်ပါက ဥပဒေအရ အရေးယူမည်ဆိုလျှင် ယာဉ်၊ လူနှင့်ပစ္စည်းများကို အရေးယူရမည်ဖြစ်ကြောင်း၊ ယာဉ်၊ လူနှင့် ပစ္စည်းများကိုပါ အရေးယူမည်ဆိုပါက ကုန်သည် လုပ်ငန်းရှင်များသာ နစ်နာမှာဖြစ်ကြောင်း၊ နိုင်ငံတော်မှ ဖြေလျှော့မှုများ ပေးနေတဲ့ကြားက တရားမဝင်ကူးသန်းမှုများကို ဆက်လက်ပြုလုပ်ေ နပါက မြဝတီကုန်သွယ်ရေးဇုန်သာ နာမည်ပျက်စရာ ဖြစ်လာမှာဖြစ်တဲ့အတွက် ဝိုင်းဝန်းစည်း ရုံးထိန်း ကျောင်းသွားကြရန် တိုက်တွန်းပြောကြားခဲ့တယ်လို့ သတင်းရရှိပါတယ်။Source: နကသ MIRT (DOBT)
Background