မုံရွာ TPIS အဖွဲ့အနေနဲ့ ကျေးလက်ဒေသဖွံ့ဖြိုးရေး အသေးစား ကုန်ထုတ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် 'ချေးငွေ' ပေးရေး ကိစ္စနဲ့ပတ်သက်ပြီး မုံရွာမြို့ရဲ့တောင်ဘက် ၄ မိုင်အကွာရှိ မအူ ကျေးရွာကိုရောက်ရှိစဉ်မှာ မအူကျေးရွာရဲ့ အဓိကထွက်ကုန်တစ်မျိုး ဖြစ်တဲ့ 'မြေပဲဆားလှော်' လုပ်ငန်းကို ဝင်ရောက်လေ့လာဖြစ်ခဲ့ပါတယ်။ 'ဆားလှော်လုပ်ငန်း'ဟာ မအူရွာရဲ့ ဘိုးဘွားတွေလက်ထက် ကတည်းက အောင်မြင်ခဲ့တဲ့ထုတ်ကုန်တစ်မျိုးဖြစ်ကာ ပဲကြီးလှော်၊ ပဲနီလှော်၊ ကုလားပဲလှော်၊ နေကြာစေ့၊ ဖရုံစေ့လှော်၊ ပြည်တော်သာ ကျောက်နဲ့ 'မြေပဲဆားလှော်' အမျိုးမျိုးထုတ်လုပ်ခဲ့ကြရာမှာ 'မြေပဲ ဆားလှော်' မှာ အခြားဒေသထွက်နဲ့မတူ အရသာထူးခြားကောင်းမွန် တဲ့အတွက် ဈေးကွက်မှာ အရောင်းသွက်နေဆဲဖြစ်တယ်လို့ လုပ်ငန်း ရှင်တွေက ပြောပါတယ်။မအူကျေးရွာက လက်ရှိ 'မြေပဲဆားလှော်' လုပ်ငန်းထုတ်လုပ် ရာမှာ လက်ကားထုတ်လုပ်သူ (တစ်ရက်ကို မြေပဲတင်း ၅၀ အထက်) ၁၅ ဦး၊ အလတ်စားထုတ်လုပ်သူ (၅ တင်းမှ ၅၀ တင်း) ၁၀ ဦးခန့်နဲ့ လက်လီတစ်ပိုင်တစ်နိုင် ထုတ်လုပ်သူ ၁၅ ဦးခန့်ရှိတယ်လို့ သိရပါ တယ်။ မြေပဲဆားလှော်ထုတ်လုပ်နည်းအနေနဲ့ ပထမအဆင့် မြေပဲ လုံးဆန် ကုန်ကြမ်းများကို ခဲရွေး၊ အလုံးညီအောင် ဆန်ကာချပြီး ဆားနဲ့ပြုတ်ရပါတယ်။ ဒုတိယအဆင့် ပြုတ်ပြီးမြေပဲဆန်များ နေလှန်း အခြောက်ခံကာ ဒယ်များနဲ့ထည့်လှော်ရပါတယ်။ နောက်ဆုံးအဆင့် ကျမှ ရရှိလာတဲ့မြေပဲဆားလှော်ကုန်ချောများကို ပလတ်စတစ်အိတ် တွင် တံဆိပ်ထည့်ကာ တစ်ပြည်ထုပ်များ ခွဲခြားထုပ်ပိုးပြီး ပီပီအိတ်နဲ့ စုစည်းထုပ်ပိုးကာ ဈေးကွက်ကို တင်ပို့ရပါတယ်။ မြေပဲကုန်ကြမ်း တစ်တင်းကို 'မြေပဲဆားလှော်' ထုတ်လုပ်တဲ့အခါ ကုန်ချော ၁၈ ပြည် ဝန်းကျင်ထွက်ရှိကြောင်း သိရပါတယ်။ မြေပဲတစ်တင်းကို မြေပဲဆားလှော်လုပ်ရာမှာ ကုန်ကျမဲ့စရိတ်စက တွေကို လေ့လာကြည့်ပါက မြေပဲလုံးဆန် တစ်တင်း ၃၁၀၀၀ ကျပ်၊ ရွေး/ဆန်ကာချခ ၈၀ ကျပ်၊ ပြုတ်ခ ၆၀ ကျပ်၊ လှော်ခ ၂၀၀ ကျပ်၊ တံဆိပ်ထည့် အိတ်သွပ်ခ ၅၂၅ ကျပ်၊ ထင်းဖိုး ၅၀၀ ကျပ်၊ စုစုပေါင်း ၃၂၃၆၅ ကျပ်ခန့် ကုန်ကျပါတယ်။ ကုန်ချောကို လက်ကား ဈေးနဲ့ရောင်းတဲ့အခါ ၁၈၅၀ ကျပ် × ၁၉ ပြည် = ၃၅၁၅၀ ကျပ်ရတဲ့ အတွက် တစ်တင်းအကျိုးအမြတ် ၂၇၀၀ ကျပ်ခန့်ကျန်တာ တွေ့ရ ပါတယ်။ မအူရွာအနေနဲ့ တစ်ရက်ကို တင်း ၇၀၊ ၁၀၀မှ တင်း ၂၀၀ ထိ ထုတ်လုပ်တဲ့လုပ်ငန်းရှင်ကြီးတွေနဲ့ တစ်ရက် တစ်တင်း-နှစ်တင်း လက်လီထုတ်လုပ်သူတွေနဲ့ တစ်ရက် ထုတ်လုပ်မှုစုစုပေါင်းမှာ မြေပဲ ဆားလှော် တင်း ၅၀၀ မှ ၇၀၀ ကြားရှိတဲ့အတွက် ကျေးရွာထုတ်ကုန် ကရရှိလာမဲ့ဝင်ငွေဟာ အခုလို ရွာကို ဖွံ့ဖြိုးတိုးတက်စေခြင်းဖြစ်တယ် လို့ သုံးသပ်တွက်ချက်ရရှိပါတယ်။'မြေပဲဆားလှော်လုပ်ငန်း'ဟာ လုပ်ငန်းရှင်တွေကိုသာ အကျိုးပြု ရုံမက ရွာသူရွာသားများကို အလုပ်ပေးနိုင်ခြင်း၊ မြို့ရွာအနှံ့ရောင်းချဖို့ 'ဈေးသည်' အခွင့်အလမ်းများ ပေးနိုင်ခြင်းတို့အတွက် ဆင့်ပွားဝင် ငွေရရှိစေတာ တွေ့ရပါတယ်။ ထွန်းလှိုင်
Background