Main menu

Background

အီးယူအကြွေးပြဿနာကြောင့် စားအုန်းဆီကြိုပွိုင့်ဈေး ၁၄ လကျော် အတွင်း အများဆုံးကျဆင်း

Mon, 05/21/2012 - 09:15 -- Anonymous (not verified)

    အီးယူဇုန်မှ ဂရိထွက်ခွာဖွယ်ရှိခြင်းနဲ့အတူ အီးယူအကြွေးပြဿနာ ပိုမိုဆိုးဝါး လာခြင်းတို့အရ ကုန်စည် ဝယ်လိုအားကျဆင်းမှုကို စိုးရိမ်ဖွယ်ရှိတာကြောင့် စားအုန်း ဆီကြိုပွိုင့်ဈေး ၁၄ လကျော်အတွင်း အများဆုံး ကျဆင်းခဲ့တယ်လို့ သိရပါတယ်။ မလေးရှား ကုန်စည်ဒိုင်မှာ ဇူလိုင်လပို့ရမယ့် ကြိုပွိုင့်ဈေးဟာ ၄ ဒသမ ၁ ရာခိုင်နှုန်း ကျဆင်းလို့ ၂၀၁၁ ဖေဖော်ဝါရီ ၂၃ ရက်နောက်ပိုင်း အကြီးမားဆုံး ကျဆင်းကာ တစ်တန် ရင်းဂစ် ၃၀၉၃ (ကန်ဒေါ်လာ ၉၉၂) ဖြစ်ခဲ့တယ်လို့ သိရပါတယ်။ အဲဒီဈေး နှုန်းဟာ ဖေဖော်ဝါရီ ၃ ရက်နောက်ပိုင်း အနိမ့်ဆုံး ဖြစ်တယ်လို့ သိရပါတယ်။    ဈေးကွက်က ဂရိနိုင်ငံရေးမသေချာမှုကို စောင့်ကြည့်နေဆဲဖြစ်တယ်လို့ ရင်းနှီး မြှုပ်နှံမှုဘဏ်သုတေသီ  Alan Lin Seong Chun  မှ ပြောကြားပါတယ်။ ရင်းနှီးမြှုပ်နှံ သူများက ဂရိအစိုးရကို စောင့်ကြည့်နေပြီး အီးယူမှ ထွက်ခွာခြင်းရှိမရှိ၊ အစိုးရသစ်ရဲ့ အခြေအနေတို့ကို ကြည့်ရှုနေတယ်လို့ သိရပါတယ်။ ပြင်ပအချက်အလက်များက ဈေးကွက်ကို လွှမ်းမိုးလျက် ရှိတယ်လို့ ကုန်စည်ချိတ်ဆက်မှု ကုမ္ပဏီ ဒါရိုက်တာ Vijay Mehta  မှ ပြောကြားပါတယ်။    မေလ ပထမ ၁၅ ရက်အတွင်း မလေးရှားစားအုန်းဆီတင်ပို့မှုဟာ ဧပြီလကာလ တူထက် သုည ဒသမ ၇ ရာခိုင်နှုန်းပိုမိုပြီး တန်ချိန် ၅၉၉၀၄၄ ရှိတယ်လို့ ကုန်စည် စစ်ဆေးတဲ့ အေဂျင်စီကဆိုပါတယ်။ ချီကာကိုမှာ ဇူလိုင်လပို့ရမယ့် ပဲပုပ်ဈေးက ၁ ဒသမ ၃ ရာခိုင်နှုန်း  ကျဆင်းပြီ တစ်ဘူရှယ် ကန်ဒေါ်လာ ၁၃ ဒသမ ၉၄၂၅  (တစ်တန် ကန်ဒေါ်လာ ၅၁၆ ) ရှိခဲ့ပြီး ကာလတူပဲပုပ်ဆီဈေးမှာလည်း ၁ ဒသမ ၇ ရာခိုင်နှုန်းကျဆင်းပြီး တစ်ပေါင်ကို  ကန်ဒေါ်လာ ၅၀ ဒသမ ၆၁ ဆင့် (တစ်တန် ကန်ဒေါ်လာ ၁၁၁၅) ရှိခဲ့တယ်လို့ သိရပါတယ်။    ဒေလီယံကုန်စည်ဒိုင်မှာ စက်တင်ဘာလပို့ရမယ့် စားအုန်းဆီဈေးဟာ ၁ ဒသမ ၄ ရာခိုင်နှုန်းကျဆင်းပြီး တစ်တန် ယွမ် ၈၁၁၈ (ကန်ဒေါ်လာ ၁၂၈၄) ရှိလို့ ဖေဖော်ဝါရီလ ၃ ရက်နောက်ပိုင်း အနိမ့်ဆုံး ကျဆင်းခဲ့ပြီး ပဲပုပ်ဆီဈေးမှာလည်း ၁ ဒသမ ၄ ရာခိုင်နှုန်း ကျဆင်းကာ ယွမ် ၉၂၃၀ (ကန်ဒေါ်လာ ၁၄၆၀) ဈေးရှိခဲ့ တယ်လို့ သိရပါတယ်။ယုဇနSource: Bloomberg.com