ထိုင်းဆန် အပေါင်ခံအစီအစဉ်က စီးပွားရေးအတွက် အန္တရာယ်ကြီးမားတယ်လို့ သုတေသီများကသတိပေး ပြဿနာများကို ဆန်စပါးအုပ်စုများက ဖြေရှင်းမယ်လို့ အစိုးရမျှော်လင့်

    ထိုင်းနိုင်ငံရဲ့ ဆန်စပါးအပေါင်ခံအစီအစဉ်ကို ၃ နှစ်-၄ နှစ်ထိ ဆက်လက်ဆောင်ရွက်ခြင်းဟာ စပါးများ ပျက်စီးခြင်း နဲ့ ပြည်ပတင်ပို့မှုကျဆင်းခြင်းတွေကြောင့် သိုလှောင်ထိန်းသိမ်းစရိတ်များ ဒေါ်လာ ဘီလီယံရာပေါင်းများစွာ ကုန်ကျနေတယ်လို့ ထိုင်း သုတေသနဖွံ့ဖြိုးရေးတက္ကသိုလ် TDRI  ဥက္ကဋ္ဌမှ သတိပေး ပြောကြားပါတယ်။ ပြည်ပတင်ပို့မှုကျဆင်းခြင်း တစ်ခုတည်းကြောင့် ပင် ပြည်ပဝင်ငွေ ဘတ် ၇၀-၁၀၀ ဘီလီယံ (ကန်ဒေါ်လာ ၂-၃ ဘီလီယံ) ခန့် နစ်နာဆုံးရှုံးတယ်လို့လည်းဆိုပါတယ်။ ဒါပေမဲ့ သိုလှောင်ရုံမှာ ထားသိုမှု ပုံမှန်အားဖြင့် ၂ နှစ်ထက်ကျော်လွန်ရင်ပင် အရည်အသွေး ပျက်စီးတတ်တာကြောင့် အရည်အသွေးပျက်စီးမှု စတင်လာပြီဖြစ်လို့ နောက်ထပ်ဘတ် ၉၀ ဘီလီယံ (ကန်ဒေါ်လာ ၂-၇ ဘီလီယံ) ခန့်ဆုံးရှုံးနိုင်လို့ စုစုပေါင်းနစ်နာဆုံးရှုံးမှု တိုးတက်လာနိုင်တယ် လို့လည်း ထပ်လောင်းပြောကြားပါတယ်။ ဒါ့အပြင် ပုံမှန်ဝယ်လက်များက အခြား ဈေးသက်သာတဲ့နိုင်ငံတွေမှာ ပြောင်းရွှေ့ဝယ်ယူ လာတာကြောင့်လည်း ဆုံးရှုံးမှုတွေ ထပ်မံတိုးတက်လာဖွယ်ရှိတယ်လို့ ဆိုပါတယ်။ စပါးအပေါင်ခံဈေးနှုန်း အလွန်မြင့်မားခြင်းက ဗီယက်နမ်၊ အိန္ဒိယနဲ့ ကမ္တောဒီးယားနိုင်ငံတွေက တောင်သူ တွေအတွက် အကူအညီပေးသလိုသာ ဖြစ်လိမ့်မယ်လို့ ၎င်းကထပ်လောင်းပြောကြားပါတယ်။စပါးအပေါင်ခံအစီအစဉ်ဆောင်ရွက်ဖို့ အကြောင်းရင်းက ဆန်စက်များနဲ့ ဆန်တင်ပို့သူအချို့အတွက် အကျိုးရှိတာကြောင့်လို့လည်း TDRI  ဥက္ကဋ္ဌမှ ဖော်ပြထားပါတယ်။ အပေါင်ခံအစီအစဉ်ကို ဖယ်ရှားလိုက် ခြင်းအားဖြင့် အဲဒီလိုအဖြစ်အပျက်များ သက်ရောက်လာနိုင်မှာမဟုတ်ဘူးလို့ ဆိုပါတယ်။ အဲဒီလိုဆိုရင် ဆန်တင်ပို့မှုများ ဆောင်ရွက်နိုင်မှာဖြစ်လို့ ဆုံးရှုံးမှုရှိနိုင်တော့မှာ မဟုတ်ဘူးလို့လည်းဆိုပါတယ်။ အစိုးရက ဒီအစီအစဉ်ကို အကောင်အထည်ဖော်ရခြင်းဟာ စိုက်ပျိုးရေးလုပ်ငန်းတစ်ခုလုံး ထောက်ပံ့မှုမရှိတဲ့ အချို့သော ဆန်စက်များနဲ့ ဆန်တင်ပို့သူတွေကို အကူအညီပေးလိုတာကြောင့်လို့ဆိုပါတယ်။ လက်ရှိ ထိုင်းအပေါင်ခံအစီအစဉ်ကို တစ်နှစ်သက်တမ်းပြည့်ပြီဖြစ်တဲ့ လက်ရှိအစိုးရလက်ထက်မှာ စတင်ခဲ့တာဖြစ်ပါတယ်။ အဲဒီအစီအစဉ် မှာ တောင်သူတွေကို စပါးဈေးများစွာ တိုးမြင့်ပေးဖို့ ကတိကဝတ် ပြုခဲ့တာဖြစ်ပါတယ်။ စိုက်ပျိုးရေးနဲ့ လယ်ယာထွက်ကုန်သမဝါယမများအတွက် ဘဏ်မှပြောကြားချက်အရ အစိုးရကဈေးကွက်ပေါက်ဈေး အထက်နဲ့ပေးဖို့ ဘတ် ၁၇ ဘီလီယံမှ ၂၀ ဒသမ ၄ ဘီလီယံ (ကန်ဒေါ်လာ ၅၃၅ သန်းမှ ၆၄၀ သန်း) ခန့် ပေးခဲ့တယ်လို့သိရပါတယ်။   ထိုင်းဆန်တင်ပို့မှုဟာ ယခင်နှစ် အောက်တိုဘာလတည်းကစပြီး ကျဆင်းခဲ့ရာ ၂၀၁၂ ပထမ ၃ လအတွင်း ဆန်တင်ပို့မှုဟာ ၂၀၁၁ ကာလတူနဲ့ယှဉ်ရင် ၄၄ ရာခိုင်နှုန်းခန့် ကျဆင်းခဲ့ပါတယ်။ ဆန်တင် ပို့မှုကျဆင်းခြင်းက ပထမစပါးရာသီမှ တန်ချိန် ၆ ဒသမ ၈ သန်းနဲ့ ဒုတိယစပါးရာသီမှ တန်ချိန် ၅ ဒသမ ၈ သန်းခန့် စုစုပေါင်း စပါးသိုလှောင်မှုတန်ချိန် ၁၂ ဒသမ ၆ သန်းခန့်ထိ စံချိန်တင်ခဲ့တယ်လို့ သိရပါတယ်။ စပါးတန်ချိန် ၁၂ ဒသမ ၆ သန်းရဲ့ ၆၇ ရာခိုင်နှုန်းဖြစ်တဲ့ ၈ ဒသမ ၅ သန်းဟာ ရိုးရိုးစပါး များဖြစ်ပြီး ကျန်ပမာဏကတော့ ဆန်မွှေးများဖြစ်ပါတယ်။     အဲဒီလိုအခြေအနေများဖြစ်ပေမဲ့ အစိုးရအနေနဲ့ ဒီအပေါင်ခံအစီအစဉ်ဟာ ထိုင်းတောင်သူများ အတွက် အကျိုးအမြတ်ရှိတာမို့ ဒီအစီအစဉ်ကို ပယ်ဖျက်နိုင်ခြင်းမရှိဘူးလို့ ဆက်လက်ကာကွယ်လျက်ရှိ နေပါတယ်။ အပေါင်ခံအစီအစဉ်ကို ဖယ်ရှားခြင်းဟာ နိုင်ငံတကာဆန်ဈေးကို ဆွဲချသလိုဖြစ်ပြီး၊ ရေရှည် မှာ မိမိတို့တောင်သူများ ထိခိုက်လာမယ်လို့ စီးပွားကူးသန်းဝန်ကြီးမှဆိုပါတယ်။ ဒေသတွင်း အခြားဆန် တင်ပို့သူများရဲ့ အကူအညီရယူခြင်းနဲ့အတူ ဆန်ဈေးတိုးမြှင့်ဖို့ အစိုးရမှ ရည်မှန်းထားကြောင်းလည်း ၎င်းမှ ဆိုပါတယ်။     ဟုမ္မလီဆန်ကို အခြားဆန်တင်ပို့သူများက ဈေးအနိမ့်နဲ့ရောင်းချဖို့ငြင်းဆန်ပြီး ပူးပေါင်းဆောင်ရွက် မယ်ဆိုရင် နိုင်ငံတကာဈေးကွက်မှာ ဟုမ္မလီဆန်တစ်တန် ဘတ် ၃၀၀၀၀ (ကန်ဒေါ်လာ ၁၀၇၅) နဲ့ တင်ပို့နိုင်လိမ့်မယ်လို့ ဆိုပါတယ်။ အရှေ့တောင်အာရှက ဆန်တင်ပို့သူများဟာ ဆန်ဈေးနှုန်းကို ဦးဆောင် သူအဖြစ် ရည်ရွယ်ဆောင်ရွက်ရမှာဖြစ်ပြီး အဲဒီကိစ္စနဲ့ပတ်သက်လို့ ဗီယက်နမ်၊ လာအိုနဲ့ မြန်မာများကလည်း အားပေးလျက်ရှိတယ်လို့ စီးပွားကူးသန်းဝန်ကြီးမှ အလေးအနက်ထား ပြောကြားပါတယ်။     ၎င်းကပြောကြားရာမှာ ကနဦးဆွေးနွေးမှုများအရ ယင်းနိုင်ငံအားလုံးက ဆန်စပါးထုတ်လုပ်မှုမှာ ခေါင်းဆောင်များဖြစ်လာဖို့ အတူတကွဆောင်ရွက်ဖို့ ဆန္ဒရှိနေကြပြီး အာဆီယံ ဆန်အရည်အသွေးကို တိုးတက်မြှင့်တင်လျက်ရှိသလို ကမ္ဘာ့ဆန်ဈေးကို အဆုံးအဖြတ်ပေးနိုင်ဖို့လည်း ဆန္ဒရှိနေတယ်လို့ ဆိုပါ တယ်။ ဒေသတွင်း ဆန်တင်ပို့သူများအားလုံးဟာ ဈေးနှုန်းကြိုတင်ဆုံးဖြတ်၊ တစ်ချိန်တည်း မှာ ဆန်တင်ပို့ ဖို့ ထုတ်ရောင်းရမယ်လို့ဆိုပါတယ်။ ပူးပေါင်းဆောင်ရွက်မှုအောင်မြင်ခဲ့ရင် ဟုမ္မလီဆန်ကို တစ်တန်ဘတ် ၁၀၇၅ နဲ့ ရောင်းချနိုင်လိမ့်မယ်လို့ ဆိုပါတယ်။                    လဝန်း၊ Source: oryza.com