Main menu

Background

တောင်ကြီးမြို့နယ် ဘန့်ကွဲကျေးရွာတွင် သြဂဲနစ်စိုက်ပျိုးရေးသင်တန်း ဖွင့်လှစ်

Wed, 05/30/2012 - 04:56 -- Anonymous (not verified)

    နန်းဟောင်းကျေးရွာအုပ်စုဟာ တောင်ကြီးမြို့ရဲ့ မြောက်ဘက် ၁၉ မိုင်အကွာမှာတည်ရှိပြီး စိုက်ပျိုးမြေဧရိယာခန့်မှန်းဧက ၃၀၀၀ ကျော်ရှိပါတယ်။ စပါး၊ ပြောင်းဖူးစေ့၊ ပဲစင်းငုံ၊ ကြက်ဆူကြားသီးနှံများကို အများ ဆုံးစိုက်ပျိုးကြပြီး တစ်နှစ်ပတ်လုံးအသုံးပြုနိုင်တဲ့ နန်းဟောင်းဆည်တည်ရှိပြီး၊ ဆည်ရေသောက် ဧရိယာမှာ ၂၅၀ ဧကခန့်ရှိပါတယ်။ ယခင်နယ်မြေဒေသအခြေအနေ မအေးချမ်း၊ မတည်ငြိမ်တာကြောင့် ဒေသခံတောင်သူများမှာ သဘာဝကပေးထားတဲ့ မြေကောင်း၊ ရေကောင်းကို မည်သည့်သီးနှံများအတွက် အသုံးပြုစိုက်ပျိုးထုတ်လုပ်ရမှာကို မသိရှိ၊ နားမလည်နိုင်အောင်ဖြစ်ခဲ့ကြရပါတယ်။ ၂၀၁၂ ခုနှစ် နှစ်စပိုင်းမှစပြီး နယ်မြေဒေသအခြေအနေ တည်ငြိမ်အေးချမ်းမှု  ရှိလာတာကြောင့် အသိပညာဗဟုသုတရှိတဲ့ ဒေသခံအချို့မှာ မိမိတို့ကျေးရွာဒေသဖွံ့ဖြိုးတိုးတက်လာစေရေးအတွက် လက်လှမ်းမီရာ အသိပညာဗဟုသုတ၊ စာစောင်၊ ဂျာနယ်များကို လေ့လာဖတ်ရှုပြီး လက်တွေ့ ဆောင်ရွက်နိုင်အောင် ကြိုးစားလာကြပါတယ်။၂၀၁၁ ခုနှစ် ဒီဇင်ဘာလအတွင်းထုတ်ဝေတဲ့ Commerce  Journal   ရဲ့ ဆောင်းပါးတစ်ပုဒ်ကိုဖတ်မိကြတဲ့ ၎င်းဒေသမှ ဦးထွန်းရွှေ၊ ဦးပေါက်စီ၊ ဦးလောက်လော် တို့မှ မြန်မာ့လယ်ယာထွက်ကုန်ပစ္စည်းရောင်းဝယ်ရေးနဲ့ စတင်ချိတ်ဆက်ပြီး မိမိတို့ဒေသအကျိုးဖွံ့ဖြိုးတိုးတက်ရေးအတွက် ဦးဆောင်လှုပ်ရှားလာကြပါတယ်။ ထိုမှတစ်ဆင့် ရှမ်းပြည်နယ်တောင်ပိုင်း သစ်သီးဝလံ၊ ပန်းမန်နှင့် ဟင်းသီးဟင်းရွက်စိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချသူများအသင်း သရက်၊ အာလူး၊ ပန်းမန်၊ ဂေါ်ဖီထုပ်၊ ထောပတ်ဇုန်များနဲ့ ဆက်လက်ဆက်သွယ်ဆောင်ရွက်လာပြီး၊ ဈေးကွက်သတင်းအချက်အလက်၊ နည်းပညာများကိုတောင်းဆိုလာကြပါတယ်။ အသင်းအဖွဲ့၊ အစုအဖွဲ့များရဲ့ လစဉ်ပုံမှန် အစည်အဝေး၊ သင်တန်း၊ ဆွေးနွေးပွဲများကို တက်ကြွစွာပါဝင်တက်ရောက်ဆွေးနွေးခဲ့ကြပါတယ်။ အရင်းအနှီးမလို၊ စက်ကိရိယာမလို နည်းပညာသာလိုအပ်ကြောင်း၊ စိုက်ပျိုးရေးနည်းပညာပေးသင်တန်းကိုသာ ဖွင့်လှစ်သင်ကြား ပေးဖို့ ဒေသခံများမှတောင်းဆိုလာတာကြောင့် မြန်မာနိုင်ငံ သစ်သီးဝလံ ပန်းမန်အသင်း၊ ရှမ်းပြည်နယ်တောင်ပိုင်း သစ်သီးဝလံ ပန်းမန်အသင်း၊ မြန်မာသြဂဲနစ်စိုက်ပျိုးရေးအဖွဲ့တို့မှဦးဆောင်ပြီး သြဂဲနစ်သစ်သီးဝလံ၊ပန်းမန် နှင့် ဟင်းသီးဟင်းရွက်စိုက်ပျိုးထုတ်လုပ်ခြင်း နည်းပညာပေး သင်တန်းကို နန်းဟောင်းကျေးရွာ အုပ်စု၊ ဘန့်ကွဲကျေးရွာမှာ ၂၀၁၂ ခုနှစ်၊ မေ ၁၂ ရက်မှ ၁၆ ရက်အထိ ဖွင့်လှစ်သင်ကြားပု့ိချနိုင်ခဲ့ပါတယ်။ ရှမ်းပြည်နယ်တောင်ပိုင်း သစ်သီးဝလံ၊ ပန်းမန်အသင်းမှလည်း ၎င်းင်းဒေသမှာ သြဂဲနစ်ဇုန်ထူထောင်ဖို့ စီစဉ်ဆောင်ရွက်လျက်ရှိပါတယ်။ ယခုလက်ရှိအချိန်မှာ ဒေသခံများမှာ ဟဲဟိုးမြို့ရှိ MYANMAR  BELLE   ကုမ္ပဏီရဲ့ ဂေါ်ဖီထုပ်အခြောက်ခံစက်ရုံ၊ ပန်းမန်အစုအဖွဲ့များနဲ့ ချိတ်ဆက်ပြီး၊ ဂေါ်ဖီထုပ်နဲ့ ပန်းမန်များကို စတင်စိုက်ပျိုးနေပြီဖြစ်ပါတယ်။ လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်၊ နယ်မြေဒေသ တည်ငြိမ်အေးချမ်း၊ စိုက်ပျိုးသမျှ ထွက်ကုန်သီးနှံများဖြစ်ထွန်းအောင်မြင်ပါက ဒေသခံများရဲ့ ပညာရေး၊ လူမှုရေး၊ စီးပွားရေး အစစအရာရာ လူနေမှုဘဝများ ဖွံ့ဖြိုးတိုးတက်အောင်မြင်လာမှာ မလွဲဧကန်ဖြစ်ပါတယ်။                                                           ခွန်ကျော်ဌေး