Main menu

Background

ငွေစက္ကူသစ်ထုတ်ဝေမည့်သတင်းကြောင့် ဒေါ်လာဈေးများ ခုန်တက်

Wed, 06/20/2012 - 07:25 -- Anonymous (not verified)

     ဇွန် ၇ ရက်က မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ ကျပ်တစ်သောင်းတန် ငွေစက္ကူအမျိုးအစားသစ်ကို ထုတ်ဝေမည်ဟု ကြေညာခဲ့ရာ ဇွန် ၈ ရက် နံနက် ပိုင်းမှစ၍ အမေရိကန်ဒေါ်လာဈေး ပြန်တက်လာခဲ့ပြီး ဈေးကွက်အတွင်း ဒေါ်လာများ ဝယ်မရသည့်အခြေအနေအထိဖြစ်ခဲ့ကြောင်း သိရသည်။ကျပ်တစ်သောင်းတန်ငွေစက္ကူသစ်ကို ဇွန် ၁၅ ရက်တွင် စတင်ထုတ် ဝေမည်ဟုကြေညာခဲ့မှုကြောင့် အမေရိကန်ဒေါ်လာဈေး မှာ ဈေးပိတ်ချိန်တွင် ၈၄၈ ကျပ်အထိ မြင့်တက်ခဲ့ကြောင်းသိရသည်။ ဇွန် ၈ ရက် ဈေးစဖွင့်ချိန်တွင် ဗဟိုဘဏ်မှ ၈၄၁ ကျပ်ဖြင့် ဈေးဖွင့်ပေး ခဲ့သော်လည်း နေ့လယ်ပိုင်းတွင် ဒေါ်လာဈေးမှာ ၈၄၅ ကျပ်မှ ၈၄၈ ကျပ်သို့ ခုန်တက်သွားခဲ့ကြောင်း သိရသည်။ ပြင်ပဈေးကွက်တွင်လည်း နံနက်ပိုင်းတွင် ၈၄၃ ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်နေသော်လည်း ညနေပိုင်းဈေးပိတ်ချိန်တွင် ၈၅၂ကျပ်အထိ မြင့်တက်လာခဲ့ပြီး ရောင်းသူထက်ဝယ်ယူသူကသာ ပိုမိုများပြား ခဲ့ကြောင်း သိရသည်။"ဒီနေ့တစ်နေ့တည်းမှာငွေဈေးက နည်းနည်းလှုပ်သွားတယ်။ မနက်ပိုင်းမှာ ဗဟိုဘဏ်ကဖွင့်တဲ့ဈေးထက် ညနေပိုင်းမှာ တက်သွား တာ။ ငွေစက္ကူအသစ် ထွက်မယ်ဆိုရင် ဒီလိုပဲဖြစ်တာပဲ။ ငွေ စက္ကူအသစ်ထွက်ရင်ဒေါ်လာဈေးတော့ တက်တော့မှာပဲ ဆိုပြီး ဒေါ်လာကို လိုက်ဝယ်ကြတော့ ဈေးကတက်လာတာပဲ။ ဒါက ဖြစ်နေကြပဲ။ အပြင်ဈေးကတော့ တက်မှာပဲ။ ဒါပေမယ့် ငွေလဲစင်တာတွေ နဲ့ဘဏ်တွေကတော့ ထူးထူးခြားခြားကြီးကို မတက်ပါဘူး။ ကျွန်တော်တို့ဘဏ် အနေနဲ့ ဒေါ်လာတစ်သောင်း အထိ လဲလှယ်ပေးနေ ပါတယ်''ဟု အေဂျီဒီဘဏ် မှ တာဝန်ရှိသူတစ်ဦးကပြောသည်။ယခင် ကျပ်ငါးထောင်တန် ငွေစက္ကူအသစ်များ ထုတ်ဝေစဉ်ကလည်း ယခုကဲ့သို့ အမေရိကန်ဒေါ်လာဈေးများတက်ခဲ့သည့် သာဓကရှိခဲ့ဖူးကြောင်း ၎င်း က ထပ်မံပြောကြားခဲ့သည်။                               မယ်သီတာ