ယခုလအတွင်း အပတ်စဉ်မြင့်တက်လာသည့် အမေရိကန်ဒေါ်လာဈေးသည် ယခုတစ်ပတ်တွင် အမြင့်ဆုံးဈေးအဖြစ် တစ်ဒေါ်လာ လျှင် ရောင်းဈေး ၈၈၀ ကျပ်၊ ဝယ်ဈေး ၈၆၈ ကျပ်အထိ မြင့်တက်လာခဲ့ကြောင်း သိရသည်။ဒေါ်လာဈေး နေ့စဉ်မြင့်တက်နေမှုကြောင့် ဒေါ်လာဝယ်ယူသူများ များပြား လာသော်လည်း လာရောက်ရောင်းချသူမှာ ဝယ်ယူသူထက် နည်းပါးနေမှုကြောင့် ငွေလဲစင်တာများ အခက်တွေ့နေရကြောင်း သိရသည်။ ပြင်ပငွေလဲဈေးကွက်တွင် အမေရိကန်တစ်ဒေါ်လာလျှင် ရောင်းဈေး ၈၉၃ ကျပ် ဝယ်ဈေး ၈၉၀ ကျပ်အထိ အမြင့်ဆုံးဈေးသို့ ရောက်ရှိခဲ့သည်။ငွေလဲစင်တာမှ တာဝန်ရှိသူတစ်ဦးက " ငွေက လာရောင်းတဲ့သူထက် လာဝယ် တဲ့သူက များနေတယ်။ ကားသွင်းတဲ့သူတွေက တစ်ခါလာဝယ်ရင် ဒေါ်လာ ၅၀၀၀ ဝယ်ကြတာများတယ်။ ဒါပေမယ့် လာပြီးရောင်းကြတဲ့သူတွေက ဒေါ်လာ ၁၀၀၊ ၂၀၀ လောက်ပဲလာ ရောင်းကြတော့ အဝယ်ထက် အရောင်းကပိုများလာရင် ဈေး က တက်လာတာပဲ။ နောက်ပြီး အပြင်မှာထွက်နေတဲ့ ဒေါ်လာဈေးတက်မယ်ဆိုတဲ့ သတင်းကလည်း ဒေါ်လာဝယ်ရောင်းသမားတွေအတွက် အကြိုက်ဖြစ်တာပေါ့။ သူတို့က ဝယ်ထားမယ်။ ဈေးတက်လာပြီဆိုရင် ထုတ်ရောင်းမယ်။ ဒါဈေးကစားတဲ့ သဘောပဲ။ ဒါမျိုးမဖြစ်အောင်တော့ လုပ်ရမယ်။ အခုဆိုရင် အပြင်ဈေးက စင်တာ ဈေးထက်များနေတော့ ဒီမှာလာဝယ်ပြီး အပြင်မှာပြန်ရောင်းလုပ်နေကြတဲ့အတွက် လည်း ဘဏ်တွေမှာ ငွေပြတ်မဲ့ အခြေအနေကြုံရတယ်'' ဟု ပြောသည်။ဗဟိုဘဏ်မှ သတ်မှတ်သည့် ရည်ညွှန်းနိုင်ငံခြားငွေလဲလှယ်နှုန်းသည်လည်း နေ့စဉ်မြင့်တက်လျက်ရှိသောကြောင့် ပြည်သူများ အကြားတွင် ဒေါ်လာဈေးများ ပြန်လည်မြင့်တက်လိမ့်မည်ဟူသော ခန့်မှန်းသတင်းများ ထွက်ပေါ်နေရခြင်းဖြစ် သည်။ အမေရိကန်ဒေါ်လာလဲလှယ်နှုန်းသည် ဇွန် ၂၅ ရက်က ရောင်းဈေး ၈၆၂ ကျပ်၊ ဝယ်ဈေး ၈၅၂ ကျပ်သာရှိခဲ့ရာမှ ဇွန် ၂၇ ရက်တွင် ရောင်းဈေး ၈၇၄ကျပ်၊ ဝယ်ဈေး ၈၆၀ ကျပ်ဖြစ်ပြီး ပြင်ပဈေးကွက်တွင် ရောင်းဈေး ၈၉၂ ကျပ်၊ ဝယ်ဈေး ၈၉၀ ကျပ်အ ထိဖြစ်ပေါ်ခဲ့သည်။ ဇွန် ၂၉ရက်တွင် ရောင်းဈေး ၈၈၀ ကျပ်၊ ဝယ်ဈေး ၈၆၈ ကျပ်အထိမြင့်တက်လာ ခဲ့သည်။ ငွေလဲစင်တာများတွင် ရောင်းဈေးနှင့် ဝယ် ဈေးသည် ၁၂ ကျပ်မျှ ကွာဟနေသည်ကို တွေ့ရသည်။ မယ်သီတာ
Background