ကမ္ဘာ့အကြီးဆုံး နံပါတ် ရှစ်ခုမြောက်ဘိလပ်မြေစက်ရုံ ရင်းနှီးမြှုပ်နှံမှုပြုလုပ်ရန် လာရောက်လေ့လာ

တစ်ရက်ကို ဘိလပ်မြေတန် ၁၀၀၀၀ အနည်းဆုံး ထုတ်လုပ်နိုင်တဲ့ ဘိလပ်မြေစက်ရုံတည်ဆောက်ပြီး၊ ရင်းနှီးမြှုပ်နှံမှု ပြုလုပ်ဖို့ အိန္ဒိယနိုင်ငံ အခြေစိုက်ADITYA  BIRLA  Group မှ Ultra  Tech  Cement  Linited က တာဝန်ရှိသူများနဲ့ ပညာရှင်များမှ မန္တလေးတိုင်းဒေသကြီးမှ တာဝန်ရှိသူများနဲ့တွေ့ဆုံပြီး လေ့လာမှုပြုခဲ့ကြောင်း သိရပါတယ်။ADITYA  BIRLA  Group သည် ကမ္ဘာ့အကြီးဆုံး အမှတ်စဉ် ၈ ခုမြောက် ဘိလပ်မြေစက်ရုံ တည်ဆောက်ဖို့ အတွက် မြေနေရာနဲ့ ရေကြော၊ အသုံးပြုမယ့် ကုန်ကြမ်းများရရှိမယ့် အခြေအနေများကို ပညာရှင်များနဲ့ ယခုလအတွင်း လာရောက်လေ့လာမှုပြုခဲ့ပါတယ်။ADITYA  BIRLA  Group  မှ General  Manager  Prashant  Bhansali က " ဘိလပ်မြေထုတ်လုပ်လို့ ရနိုင်မယ့် နေရာဒေသတွေကို သွားရောက်လေ့လာမှုပြုခဲ့တယ်။ စက်ရုံတည်ဖို့ ရေမြေအနေအထား စမ်းသပ်မှုအဆင်ပြေ ရင် သတ္တုတွင်းဝန်ကြီးဌာနခွင့်ပြုချက်နဲ့ ဆက်လက်ဆောင်ရွက်မယ်။ ရင်းနှီးမြှုပ်နှံမှုအတွက် ပူးပေါင်းဆောင်ရွက်ချင်ရင် လည်း ပူးပေါင်းလို့ရပါတယ်။ စက်ရုံတည်ဆောက်ဖို့ မြေဧက ၃၀၀ လိုအပ်တယ်။ ထုတ်လုပ်ပြီးထွက်လာတဲ့ ဘိလပ်မြေကို ပြည်တွင်းသုံးစွဲမှုပိုရင် နိုင်ငံခြားပို့ဖို့ရည်ရွယ်ထားတယ်။ စက်ရုံနဲ့ပတ်သက်တဲ့ ဝန်ထမ်းတွေအတွက် ပညာရေး၊ ကျန်းမာရေး၊ လူမှုရေးကိစ္စတွေကို အကျိုးတူပူးပေါင်းပြီး၊ ဆောင်ရွက်မယ်'' လို့ ပြောပါတယ်။ မန္တလေးတိုင်းဒေသကြီးမှာ ထုတ်လုပ်လျက်ရှိတဲ့ ဘိလပ်မြေစက်ရုံများမှာ တစ်ရက်ကို အများဆုံး တန် ၅၀၀ သာ ထုတ်လုပ်နိုင်ကြောင်း သိရပါတယ်။                                                                ဇူးဇူး