Main menu

Background

အိန္ဒိယကုလားပဲ အထွက်နည်းခြင်း၊ လှောင်လက်များ ဝယ်ယူခြင်းတို့ကြောင့် ကုလားပဲဈေး စံချိန်တင်မြင့်တက်နိုင်

Sun, 07/08/2012 - 05:38 -- Anonymous (not verified)

    ယခုနှစ်မှာ ကုလားပဲအထွက်လျော့ခြင်းနဲ့ လက်ကျန်မှာလည်း တော်တော်များများကျဆင်းနေခြင်းတို့ကြောင့်  လာမယ့်ရက် တွေမှာ ကုလားပဲဈေးက စံချိန်သစ်တင်တဲ့အထိ မြင့်တက်နိုင်တယ်လို့ ခန့်မှန်းကြပါတယ်။ လွန်ခဲ့တဲ့ ၂ နှစ်ကလည်း ကုလားပဲ အထွက်လျော့လို့ လက်ကျန်ပြတ်လုနီးပါးဖြစ်ခဲ့ဘူးတဲ့အတွက် ကုလားပဲတစ်တန် ရူပီး ၄၈၀၀၀-၅၀၀၀၀ (ကန်ဒေါ်လာ ၈၈၁ - ၉၁၈)အထိ မြင့်တက်ရင်တောင် ဆိုးဝါးလာနိုင်မှာ မဟုတ်ပါဘူးလို့ ကုလားပဲ လက်ကားကုန်သည်  Mr  Prakash  Vora   မှ ပြောကြားပါတယ်။    လက်ကျန်လျော့နည်းလာတာနဲ့အမျှ သြစတြေးလျမှ တင်သွင်းမှုအပေါ် အားထားရမှုပိုလာကာ မကြာသေး ခင်က တစ်တန်ကန်ဒေါ်လာ ၇၁၀ နဲ့အရောင်းအဝယ်ပြုလုပ်မှုအရ မွန်ဘိုင်းဆိပ်ကမ်းမှာပင် အခွန်အားလုံးပေး ဆောင်ပြီး၊ တစ်တန် ရူပီး ၄၂၀၀၀-၄၃၀၀၀(ကန်ဒေါ်လာ ၇၇၁ - ၇၈၉) ဈေးရှိလာပြီး၊ အင်ဒိုရီကို ရောက်ရှိပါက တစ်တန် ရူပီး ၄၀၀၀-၅၀၀၀ (ကန်ဒေါ်လာ ၇၃ - ၉၂)ထပ်မံမြင့်တက်မယ်လို့ Mr Vora  က ဆိုပါတယ်။ ပဲဝင်ရောက်မှု ကျဆင်းခြင်းနဲ့ လက်ကျန် နည်းခြင်း တို့ကြောင့် လှောင်လက်များက ဈေးမြင့်တက်မယ်မျှော်လင့်ချက်အရ အရှိန်မြှင့်တင် ဝယ်ယူလာကြတယ်လို့ ကုန်သည် တစ်ဦးကဆိုပါ တယ်။    လွန်ခဲ့တဲ့ သီတင်းပတ်မှာ ကုလားပဲဈေးက တစ်တန်ရူပီး ၂၀၀၀(ကန်ဒေါ်လာ ၃၇)မြင့်တက်ခဲ့ပါတယ်။ လှောင်လက်များ ဝယ်ယူခြင်းအပြင် လက်ငင်းဈေးကွက်မှာ ဈေးကစားသူများကလည်း ဈေးဆွဲတင်နေကြတယ်လို့ ဆိုပါတယ်။ ယခင်က ကြိုပွိုင့် ဈေးကွက် မြင့်မားခြင်းက လက်ငင်းဈေးကွက်ကို လွှမ်းမိုးပြီး၊ ဈေးမြင့်တက်တဲ့ အရင်ကအခြေအနေနဲ့ဆန့်ကျင်ပြီး၊ ယခုအခါ မှာတော့ ကြိုပွိုင့်ဈေးက လက်ငင်းဖြစ်နေတဲ့ဈေးထက် တစ်တန် ရူပီး ၂၀၀၀(ကန်ဒေါ်လာ ၃၇)နီးပါး လျော့ကျနေတယ်လို့ သိရပါတယ်။    လက်ငင်းဈေးကွက်မှာ ဇူလိုင်လ ၃ ရက် ကုလားပဲ (ကန်တာ)ဈေးက တစ်တန် ရူပီး ၄၆၀၀၀ (ကန်ဒေါ်လာ ၈၄၅) ရှိပြီး၊ ဒေစီကုလားပဲဈေးက ရူပီး ၄၅၀၀၀ (ကန်ဒေါ်လာ ၈၂၆)ရှိကြောင်း သိရပါတယ်။ယမင်းခင်၊ Source: hindubusiness