ယခု တစ်ပတ် ပဲမျိုးစုံတင်ပို့မှုမှာ ကုလားပဲမှအပ ကျန် ပဲများမှာ တင်ပို့မှု ဆက်လက်လျော့နေဆဲဖြစ်ပါတယ်။ ဇူလိုင် ၁၆ ရက်မှ ၂၀ ရက်အတွင်း ပဲမျိုးစုံတင်ပို့မှု တန်ချိန် ၂၃၇၀၈ သာရှိတာကြောင့် ပြီးခဲ့တဲ့ သီတင်းပတ်တင်ပို့မှု တန်ချိန် ၃၁၇၈၅ ရဲ့ ၇၅ ရာခိုင်နှုန်းသာ တင်ပို့နိုင်ခဲ့ပါတယ်။ ယခု တစ်ပတ်တင်ပို့မှုအများဆုံးကတော့ မတ်ပဲတန်ချိန် ၁၃၀၀၀ ကျော်ဖြစ်ပြီး ယခင်အပတ် တန်ချိန် ၁၈၀၀၀ ကျော် ထက် လျော့နည်းသလို ပဲတီစိမ်းဟာလည်း ယခုအပတ် တန်ချိန် ၂၃၀၀ ဟာယခင်အပတ်တန်ချိန် ၂၅၀၀ ကျော် ထက် လျော့နည်းတာကြောင့် ယခင်အပတ်ထက် ၇၅ ရာခိုင်နှုန်းသာ တင်ပို့နိုင်ခြင်းဖြစ်ပါတယ်။ ပဲတီရွှေဝါကို ပြည်ပအဝယ်ပုံမှန်ရှိ လို့ ယခင်အပတ်က FOB ဈေးမြင့်တက်လာခဲ့ပြီး ယခုအပတ် မှာလည်း အမြင့်ဈေးမှာ ငြိမ်နေပါတယ်။ ယခုတစ်ပတ် အတွင်း ပဲတီစိမ်းကို အိန္ဒိယ၊ တရုတ်၊ အင်ဒိုနီးရှား၊ မလေးရှား၊ ဖိလစ်ပိုင်၊ စင်ကာပူ၊ ထိုင်း၊ ယူအေအီးနဲ့ ယီမင်နိုင်ငံများကို တင်ပို့ခဲ့ပါတယ်။ ဘုရင့်နောင် FOB ဈေးကွက်မှာ ယခင်အပတ်က စံချိန် တင်မြင့်တက်ခဲ့တဲ့ မတ်ပဲဟာ အခုတစ်ပတ်မှာလည်း ဆက် လက် မြင့်တက်နေပါတယ်။ ဒါပေမဲ့ ယခုတစ်ပတ် တင်ပို့မှု အများဆုံးမတ်ပဲက ယခင်အပတ်တင်ပို့မှု ထက် လျော့ တာ ကြောင့် ပြည်တွင်းဈေးကွက်မှာ မတ်ပဲဈေးက အနည်းငယ် လျော့လာပါတယ်။ မတ်ပဲကို တစ်ပတ်အတွင်း တန် ၁၃၁၀၀ နဲ့ အိန္ဒိယ၊ တရုတ်၊ အင်ဒိုနီးရှား၊ ဂျပန်၊ မလေးရှား၊ မက္ကဆီကို၊ စင်ကာပူ၊ ထိုင်း၊ ကျုးဘား၊ ဂရိ၊ တူနီးရှား၊ ယူအေအီး၊ ဗီယက်နမ်နိုင်ငံများကို တင်ပို့ခဲ့ပါတယ်။ လက်ရှိဘဏ္ဍာနှစ် ဇူလိုင်လ ၂၀ ရက်ထိ စုစုပေါင်း မတ်ပဲတန်ချိန် ၂၅၁၀၀၀ ကျော် တင်ပို့ထားပြီးဖြစ်သလို FOB အရောင်းအဝယ်က လည်း ပုံမှန်ပမာဏထက် အနည်းငယ်လျော့ပြီး တန်ချိန် ၁၂၀၀၀ ပဲရှိတာ တွေ့ရပါတယ်။ မုတ်သုံရာသီအားပျော့လို့ စိုက်ဧက လျော့တာကြောင့် မတ်ပဲဈေးမြင့်နိုင်လို့ သြဂုတ် လလယ်အထိ အဝယ်လိုက်နိုင်တယ်လို့ ဈေးကွက်ကဆိုပါ တယ်။ ပဲစင်းငုံအရောင်းအဝယ်ဖြစ်မှုက ယခင်အပတ်ထက် လျော့သွားသလို တင်ပို့မှုလည်း လျော့နေပါတယ်။ ပဲစင်းငုံကို တစ်ပတ်အတွင်း တန် ၄၅၀၀ ဝန်းကျင်နဲ့ အိန္ဒိယ၊ တရုတ်၊ စင်ကာပူ၊ ထိုင်း၊ ယူအေအီးနိုင်ငံများကို တင်ပို့ခဲ့ပါတယ်။ အိန္ဒိယက ပဲစင်းငုံအဟောင်းကို အဝယ်လိုက်လို့ ဈေးမာလာ သလို ရန်ကုန် FOB ဈေးကလည်း ဈေးဆက်မာနိုင်တယ်လို့ ကုန်သည်တစ်ဦးက ဆိုပါတယ်။ လက်ရှိဘဏ္ဍာနှစ် ဇူလိုင်လ ၂၀ ရက်အထိ ပဲစင်းငုံတန်ချိန် ၁၂၄၀၀၀ ကျော်တင်ပို့ထားလို့ ယခင်နှစ် ကာလတူတင်ပို့ခဲ့တဲ့ တန်ချိန် ၆၂၀၀၀ ကျော်နဲ့ ယှဉ်ရင် တစ်ဆကျော် တင်ပို့ထားတာ တွေ့ရပါတယ်။ လက်ရှိဘဏ္ဍာနှစ် ဇူလိုင်လ ၂၀ ရက်အထိ ကုလားပဲ တန်ချိန် ၃၇၆၀၀ ခန့်တင်ပို့ထားပြီးဖြစ်လို့ ယခင်နှစ် ကာလတူ တင်ပို့မှုတန်ချိန် ၃၃၅၀၀ ခန့်ထက် အနည်းငယ်ပိုတာ တွေ့ရ ပါတယ်။ ပြည်တွင်းကုလားပဲဈေးမြင့်သလို ကုလားပဲ FOB ဈေးလည်းမြင့်နေပါတယ်။ ပြည်ပရောင်းဝယ်မှုလည်း ကောင်း သလို တင်ပို့မှုလည်းမြင့်လာတာ တွေ့ရပါတယ်။ ကုလားပဲကို တစ်ပတ်အတွင်း တန် ၇၀၀ ခန့်နဲ့ အိန္ဒိယ၊ တရုတ်၊ စင်ကာပူ နိုင်ငံများကို တင်ပို့ခဲ့ပါတယ်။ MIRT - MAPT
Background