ကမ္ဘာ့ဆန်ဈေးကွက်အခြေအနေသည် အိန္ဒိယနှင့် အမေရိကန်နိုင်ငံတို့ရဲ့ ရာသီဥတုပေါ် မူတည်နေ

ဇူလိုင်လနှောင်းပိုင်း ကမ္ဘာ့ဆန်ဈေးကွက်မှာ ထိုင်းဆန် အမျိုးအစားအချို့ရဲ့ ဈေးနှုန်းတွေကတစ်တန်ကို အမေရိကန် ၅ ဒေါ်လာစီ ဈေးမြင့်လာတယ်။ ဈေးကွက်ဝင်ရောက် စွက် ဖက်မှု အစီအစဉ်ကို ထပ်မံ ဆောင်ရွက်သွားဖို့ ထိုင်းစီးပွား ကူးသန်းဝန်ကြီးဌာနက ထိုင်းအမျိုးသား ဆန်မူဝါဒ ကော်မတီ ကို တင်ပြထားခြင်းနဲ့ အီရတ်မှ ထိုင်းဆန်ကို ဝယ်လိုအားရှိ နေခြင်းတို့ကြောင့် ဈေးမြင့်လာခြင်းဖြစ်တယ်။

ဒါပေမဲ့ ဆန်ဖြူ ၁၅ ရာခိုင်နှုန်း မှာ ဈေးနှုန်းတည်ငြိမ်နေပြီး ပြည်ပမှ ဝယ်လို အားနည်းလှတဲ့ ဆန်ဖြူ ၂၅ ရာခိုင်နှုန်းမှာ ယခင်က ထက် ၅ ဒေါ်လာ ဈေးကျလာတယ်။ အိန္ဒိယဆန်ဖြူ ၂၅ ရာခိုင်နှုန်း ဈေးနှုန်းမှာတော့ ယခင် သီတင်းပတ်ကထက် ဈေးမြင့်လာတယ်။ မုတ်သုန်မိုး ရရှိမှု နည်းပါးနေခြင်းက အိန္ဒိယပြည်တွင်း မုတ်သုန်ရာသီစိုက်ပျိုးတဲ့ သီးနှံတွေအတွက် စိုးရိမ်ဖွယ် ဖြစ်စေရာ ဆန်ဈေးတွေ မြင့် မားလာခြင်းဖြစ်တယ်။ ထိုင်းနဲ့ အိန္ဒိယဆန်ဈေးများ မြင့်မား လာခြင်း၊ ဗီယက်နမ်အစိုးရကလည်း ဈေးကွက်ဝင်ရောက် စွက်ဖက်နေခြင်းတို့ကြောင့် ဗီယက်နမ်ဆန်ဖြူဈေးနှုန်းတွေ ခိုင်မာနေတဲ့အပြင် ဆန်ဖြူ ၂၅ ရာခိုင်နှုန်းမှာတော့ ယခင် သီတင်းပတ်ကထက် ၅ ဒေါ်လာ ဈေးမြင့်လာတယ်။ အမေရိကန်နိုင်ငံ ချီကာဂိုကုန်သွယ်ရေးဈေးကွက် မှာလည်း ဆန်ကြမ်းကြိုပွိုင့်အရောင်းဈေးနှုန်းတွေက အနည်း ငယ်မြင့်မားလာရာ ဇူလိုင် ၂၇ ရက် နံနက်ပိုင်းက စက်တင် ဘာလအရောက်ပို့ဆန်ကြမ်းတစ်တန်ကို ၂ ဒေါ်လာဈေးမြင့် ကာ ၃၄၁ ဒေါ်လာဝန်းကျင်မှာ အရောင်းအဝယ်ဖြစ်ခဲ့တယ်လို့ သိရတယ်။ အမေရိကန်အနောက်အလယ်ပိုင်းဒေသမှာ ပူပြင်း ခြောက်သွေ့တဲ့ရာသီဥတုဒဏ်ကြောင့် ပဲပုပ်စေ့စိုက်ပျိုးထွက်ရှိ မှု ကျဆင်းမယ်မျှော်မှန်းပြီး ပဲပုပ်နဲ့ ပြောင်းသီးနှံဈေးနှုန်းတွေ မြင့်မားလာခြင်းက ဆန်ဈေးနှုန်းကိုပါ မြင့်မားစေတယ်လို့သိရ တယ်။ ရာသီဥတု အခြေအနေက သီးနှံထွက်နှုန်းနဲ့ ဈေးကွက် ကိုလွှမ်းမိုးနေရာ နောက်ပိုင်းကာလ ကမ္ဘာ့ဆန်ဈေးကွက် အခြေအနေက စပါးစိုက်ပျိုးထုတ်လုပ်မှုမြင့်မားတဲ့ နိုင်ငံတွေ ဖြစ်တဲ့ အိန္ဒိယနဲ့ အမေရိကန်နိုင်ငံတို့ရဲ့ ရာသီဥတုအခြေအနေ အပေါ် မူတည်ပြီး အပြောင်းအလဲရှိနိုင်တယ်လို့ သုတေသီ တွေက သုံးသပ်ကြတယ်။  Source:oryza.com,yy