Main menu

Background

သြဂုတ်မိုးနဲ့ နိုးထလာတဲ့ ပဲစင်းငုံနီ

Mon, 08/27/2012 - 10:28 -- Anonymous (not verified)

မုံရွာခရိုင် ၈ မြို့နယ်ရဲ့ မိုးသီးနှံပဲမျိုးစုံ စိုက်ဧက ၃ သိန်းခွဲနီးပါးရှိတဲ့အနက် ပဲစင်းငုံစိုက်ပျိုးမှုက  ဧက ၂ သိန်းခွဲရှိတဲ့အတွက် စုစုပေါင်း ပဲစိုက်ဧကရဲ့ ၃ ပုံ ၂ ပုံခန့်ထိ ပမာဏများပြားခဲ့တာတွေ့ရပါတယ်။

Export  ဈေးကွက်ဝယ်လိုအား ကောင်းမွန်ခြင်း၊ စိုက်ပျိုးစရိတ် နည်းနည်း၊ လူကျဲကျဲစိုက်ပျိုးနိုင်ခြင်း၊ အထွက်နှုန်းကောင်းခြင်း၊ ပြုစုယုယမှုနဲ့ ပံ့ပိုးသွင်းအားစုစရိတ် ကျဉ်း မြောင်းခြင်းစတဲ့ အားသာချက်ေ တွကြောင့် တောင်သူတွေအခုလို အင်တိုက် အားတိုက် စိုက်ပျိုးကြခြင်းဖြစ်သလို ရေမြေ သဘာ၀ ရာသီဥတုနဲ့ လိုက်လျောညီထွေရှိတဲ့အတွက် စိုက်ပျိုးကြခြင်းလည်း ဖြစ်တယ်လို့ ပဲစိုက်တောင်သူများက ဆိုပါတယ်။ ဘယ်လောက်ဘဲရာသီဥတုဒဏ်ကို ခံနိုင်ရည်ရှိတယ်ဘဲဆိုဆို သက်ရှိဇီဝမျိုးနွယ်တို့ရဲ့ သဘာဝကို မလွန်ဆန် နိုင်ဘဲ ဒီနှစ်လို မုံရွာခရိုင်ရဲ့ မိုးခေါင်မှု ရိုက်ခတ်ဒဏ်ကိုတော့ နယ်စုံက ပဲစင်းငုံပင် တော်တော်များများ ခံခဲ့ကြရပါတယ်။ မုံရွာခရိုင်မှာ စိုက်ပျိုးပြီး ဧက ၃ သိန်းခွဲအနက် ဧက ၃ သောင်းနီးပါး၊ မိုးခေါင်မှုကြောင့် အပင်ထိခိုက်မှုရှိတယ်လို့ ကိန်းဂဏန်းများအရ သိရပါတယ်။ဇူလိုင်လအတွင်း ကွက်ကျားမိုးရွာသွန်းမှု တစ်ကြိမ် နှစ်ကြိမ်သာရှိခဲ့လို မိုးရေငတ်တဲ့ ပဲစင်းငုံပင်တွေကို ဆည်ရေ၊ မြေအောက်ရေတွေနဲ့ အလျဉ်းသင့်သလို ချွေးသိပ်ဖြည့်စွက်ပေးခဲ့ကြရလို့ အသက်ဆက်ရှင်သန်နေကြရာက သြဂုတ် လဆန်းပိုင်းမှာ မုံရွာခရိုင်အနှံ့အပြားမိုးအသင့်အတင့်ရွာခဲ့ရာ ယခုဆိုရင် ပဲစင်းငုံပင်ပေါက်တွေ အညွှန့်တစ်ဝေေ၀နဲ့ ဖွံ့ဖြိုး ရှင်သန်လျက်ရှိတာ တွေ့ရပါတယ်။ ဒေသခံ ပဲစင်းငုံတောင်သူအများစုဟာ ကောင်းကင်မှာမဲနေတဲ့ မိုးတိမ်တွေက ပေးလာမယ့်မိုးရေ လက်ဆောင်ကို မျှော်လင့်ရင်းယာခင်းထဲမှာ ပေါင်းသင်နေကြသလို ပဲသစ်ပေါ်ချိန်မှာမနှစ်ကလို ပဲဈေးကျခြင်းနဲ့ လွဲပါစေလို့များ ဆုတောင်း နေကြမလား ..?။ ဒီနေ့ ဈေးကွက်ကို ပေါက်ဈေးကောင်းကောင်းရပါစေလို့များ ဆုတောင်းနေကြမလား ..?။ လောလောဆယ်မှာတော့ မိုးရေသောက်ရလို့ စိမ်းစိုလန်းဆန်းနေတဲ့ ပဲစင်းငုံပင်ပေါက်တွေကို ကြည့်ရင်တောင်သူတွေ ပီတိအတွေးနဲ့ စိတ်အေးနေကြလေရဲ့။                                                               ထွန်းလှိုင်