ယခုတစ်ပတ်အတွင်းတွင် ပြင်ပငွေလဲဈေးကွက်အတွင်းဖြစ်ပေါ်လျက်ရှိသည့် ငွေလဲနှုန်းများနှင့် ပုဂ္ဂလိကဘဏ်များ ၏ ငွေလဲစင်တာများရှိငွေလဲနှုန်းများတွင် ဝယ်ဈေးထက် ရောင်းဈေးတွင် အနည်းငယ်ကွာဟလျက်ရှိကြောင်း သိရသည်။သိမ်ဖြူ ငွေလဲစင်တာတွင် အမေရိကန်တစ်ဒေါ်လာလျင် ရောင်းဈေး ၈၇၆ ကျပ်၊ ဝယ်ဈေး ၈၆၇ ကျပ်ဖြင့် ရောင်းဝယ်နေချိန်တွင် ပြင်ပငွေလဲဈေးကွက်၌ ရောင်းဈေး ၈၆၇ ကျပ်၊ ဝယ်ဈေး ၈၆၅ ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရသည်။
နေ့စဉ်ဈေးကွက်အတွင်း၌ ငွေလဲနှုန်းများမှာ တစ်ကျပ်နှစ်ကျပ်အတွင်း သာအတက်အကျရှိခဲ့သဖြင့် ငွေလဲဈေးကွက် ငြိမ်သက်နေကြောင်း ဈေးကွက်အတွင်းမှ စုံစမ်းသိရှိရသည်။ အာရှစိမ်းလန်းမှုဖွံ့ဖြိုးရေးဘဏ်၌ သြဂုတ် ၁၃ ရက်က ရောင်းဈေး ၈၇၃ ကျပ်၊ ဝယ်ဈေး ၈၆၆ ကျပ်ရှိခဲ့ပြီး သြဂုတ် ၁၇ ရက်တွင် ရောင်းဈေး ၈၇၄ကျပ် ဝယ်ဈေး ၈၆၇ ကျပ်ရှိခဲ့သည် ကို တွေ့ရသည်။ ပြင်ပငွေလဲဈေးကွက်တွင်မူ သြဂုတ် ၁၃ ရက်က ဝယ်ဈေး ၈၆၄ ကျပ်၊ ရောင်းဈေး ၈၆၆ ကျပ်ရှိခဲ့ပြီး သြဂုတ် ၁၇ ရက်တွင် ဝယ်ဈေး ၈၆၅ ကျပ်၊ ရောင်းဈေး ၈၆၇ ကျပ်ဖြင့် ဈေးပိတ်ခဲ့သည်ကိုတွေ့ရသည်။"ကျွန်တော်တို့ အပြင်ဈေးကွက်မှာကတော့ အရောင်းအဝယ်က ပုံမှန်အတိုင်းပါပဲ။ ဒါပေမယ့် အခုနောက်ပိုင်းမှာ ဝယ်တဲ့သူတွေက ဈေးကိုစုံစမ်းပြီးမှဝယ်ကြတာ။ စင်တာမှာဝယ်ကြတာက ပိုများပါတယ်။ အဲဒီမှာဝယ်ရင် ကား တင်သွင်းတာတို့ ဘဏ်အကောင့်ဖွင့်တာတို့ လုပ်လို့ရတယ်။ ကျွန်တော်တို့ဆီမှာကတော့ တရားဝင်မဟုတ်တော့ အရင်လိုမဖြစ်ဘူး"ဟု ပြင်ပ ငွေလဲဈေးကွက်အတွင်းမှ စုံစမ်းသိရှိရသည်။ မယ်သီတာ