အမေရိကန်၏ စီးပွားရေး တိုးတက်လာသည်နှင့်အမျှ ဈေးနှုန်းပါမြင့်မားလာ

ကမ္ဘာ့ရေနံစိမ်းသုံးစွဲမှုအများဆုံး အမေရိကန်နိုင်ငံရဲ့ စီးပွားရေးခိုင်မာလာတဲ့ လက္ခဏာတွေ တွေ့မြင်လာရခြင်း နဲ့ ဆော်ဒီအာရေးဗီးယားရဲ့ ရေနံထုတ်လုပ်မှုမြှင့်တင်မှုမှာ လောင်စာဝယ်လိုအားမြင့်မားလာပြီးဖြစ်တယ်လို့ ခန့်မှန်းကြခြင်း တို့ကြောင့် နယူးယောက်ရေနံစိမ်းဈေးနှုန်းများ (၅) ရက်မြောက်နေ့အဖြစ် ဈေးမြင့်လာတယ်။ တစ်လတာကာလအတွင်း ဈေးမြင့်မားမှု ကာလအရှည်ကြာဆုံး ဖြစ်တယ်လို့ သိရတယ်။

စက်တင်ဘာလအရောက်ပို့ရမယ့် ရေနံစိမ်း (WTI oil) က တစ်စည်ကို ၄၀ ဆင့်မြင့်မားကာ ၉၆ ဒသမ ၄၁ ဒေါ်လာအထိ ရောက်ရှိမြင့်မားခဲ့ပြီးနောက် သြဂုတ် ၂၀ ရက် ဆစ်ဒနီစံတော်ချိန် နေ့ခင်း ၃း၄၉ နာရီမှာ တစ်စည်ကို ၉၆ ဒသမ ၃၁ ဒေါ်လာနဲ့ နယူးယောက်ကုန်စည်ရောင်းဝယ်ရေး (NYMEX) မှ အီလက်ထရောနစ် ကုန်သွယ်မှုစနစ်နဲ့ ရောင်းချခဲ့တယ်လို့ သိရတယ်။ အရောင်းရအသွက်ဆုံး အောက်တိုဘာလအရောက်ပို့ရမယ့် ရေနံစိမ်း (WTI oil) ကြိုပွိုင့်ဈေးနှုန်းမှာ တစ်စည်ကို ၉၆ ဒသမ ၆၂ ဒေါ်လာနဲ့ အရောင်းအဝယ်ဖြစ်နေတယ်လို့ သိရတယ်။ လန်ဒန်အခြေစိုက် ICE Futures Europe Exchange မှာတော့ စက်တင်ဘာလငွေချေရမယ့် ဘရန့်အမျိုးအစားရေနံစိမ်းမှာ တစ်စည်ကို ၄၇ ဆင့်(သုည ဒသမ ၄ ရာခိုင်နှုန်း) ဈေးမြင့်ပြီး ၁၁၄ ဒသမ ၁၈ ဒေါ်လာနဲ့ အရောင်းအဝယ်ဖြစ်ခဲ့တယ်လို့ သိရတယ်။ကမ္ဘာ့ရေနံစိမ်းဝယ်လိုအားအများဆုံး အမေရိကန်ရဲ့ စီးပွားရေးအခြေအနေက ကမ္ဘာ့ရေနံစိမ်းဈေးကွက်အပေါ် များစွာ လွှမ်းမိုးနေတယ်။ အမေရိကန်ရဲ့ စီးပွားရေးတိုးတက်လာတာနဲ့အမျှ ကမ္ဘာ့ရေနံစိမ်း ဝယ်လိုအားအတွက် မျှော်လင့် ချက်ကိုမြင့်မားစေပြီး ဈေးနှုန်းပါ မြင့်မားလာမြဲဖြစ်တယ်။ ယခုလည်း အမေရိကန်ရဲ့ စားသုံးသူယုံကြည်မှု ရုတ်တရက် မြင့်မားလာခဲ့တယ်လိ့ု ဖော်ပြထားတဲ့အစီရင်ခံစာထွက်ပေါ်လာခြင်းက ရေနံစိမ်းဈေးနှုန်းကိုမြင့်မားအောင် အထောက်အပံ့ ဖြစ်စေတယ်။ အစီရင်ခံစာအရ ဇူလိုင်လအတွင်း အမေရိကန်မှာ အိမ်အရောင်းနှုန်းနဲ့ တာရှည်ခံပစ္စည်းတွေ ဝယ်လိုအား မြင့်တက်ခဲ့တယ်လို့ သိရတယ်။ ဇူလိုင်အတွင်းအိမ်အသစ်နဲ့ လက်ငင်းနေထိုင်လျက်ရှိနေတဲ့ အိမ်တွေအရောင်းနှုန်းက ဇွန်လကထက်တိုးတက်ခဲ့ တဲ့အပြင် တာရှည်ခံပစ္စည်းများ အဝယ်အော်ဒါလက်ခံရရှိမှုမှာလည်း ၃ ရာခိုင်နှုန်းတိုးတက်ခဲ့ရာ ၂၀၁၁ ဒီဇင်ဘာလ နောက်ပိုင်း အမြင့်ဆုံးနှုန်းဖြစ်တယ်လို့ သိရတယ်။        Source:Bloomberg.com,  ပပ