Main menu

Background

သဘာဝကပေးသော ပို့ကုန် ပိန်းရိုးခြောက်

Wed, 09/05/2012 - 08:05 -- Anonymous (not verified)

ပိန်းပင်ခေါ်  Taro  အပင်တွေက မြန်မာနိုင်ငံ အနှံ့အပြားနေရာဒေသမရွေး သဘာဝအလျောက် ပေါက်ရောက်လေ့ ရှိတဲ့အပင်တွေ ဖြစ်ကြပါတယ်။ ပိန်းပင် အမျိုးအစားများစွာရှိတဲ့ အနက် မြန်မာတို့ ဟင်းခါးချက်စားနေတဲ့ အစိမ်းနုရောင် ပိန်းပင်မှ ပိန်းရိုးတို့ကို  အခြောက်လှမ်းပြီး ပို့ကုန်ပစ္စည်း အမယ်တစ်ခုအနေနဲ့ နိုင်ငံခြား တိုင်းပြည်တွေကို တင်ပို့လျက်ရှိပါတယ်။ ယခင်ပိန်းရိုးခြောက် တစ် ကီလိုကိုတစ်ယူရိုမှ ယခုအခါ (၁ ဒသမ ၀၅)ယူရို အထိ ဈေးနှုန်းတိုးပြီး ဝယ်လိုအားမြင့်တက် လျက် ရှိကြောင်း သိရှိရပါတယ်။

ယခုမိုးတွင်းကာလမှာ မြန်မာပြည်အောက် ပိုင်းဒေသတွေမှာ မိုးများနေရာ ပိန်းရိုးခြောက်ရရှိဖို့ အခက်အခဲရှိရာ ရှမ်းပြည်နယ် အင်းလေးဒေသနဲ့ အထက်ပိုင်းဒေသတွေမှာ ပိန်းရိုးခြောက်ကို အဓိက ဝယ်ယူလျက်ရှိကြောင်း သိရှိရတယ်။ပိန်းပင်က တစ်ပင်လုံး အသုံးဝင်ပါတယ်။ ပိန်းပင်ရဲ့ ရိုးတံကို မြန်မာတို့အဓိက ဟင်းခါးချက် ပြုတ်စားသုံးသလို အရွက်တွေကိုလည်း ချက်ပြုတ် ပြီးလည်းကောင်း၊ ပေါင်းပြီးလည်းကောင်း စားသုံး နိုင်တယ်။ ပိန်းစွယ်ခေါ် ပိန်းပင်ရဲ့ အမြစ်တွေကို လည်း ပိန်းရိုးလိုမျိုး ချက်ပြုတ်စားသုံးနိုင်တယ်။ ပိန်းပင်မှ ပိန်းဥတွေကိုလည်း အားလူးလိုမျိုးချက် ပြုတ်စားသုံးနိုင်တယ်။ ဒါကြောင့် ပိန်းပင်က ပဉ္စ ငါးပါးလုံးစွန့်ပစ်စရာမရှိ အားလုံးအသုံးဝင်ပါတယ်။ပိန်းပင်ကို ပိန်းရိုးခြောက်  ပို့ကုန်ပစ္စည်း အဖြစ်တင်ပို့ရာမှာ ပထမဦးစွာ အလေ့ကျပေါက် နေတဲ့ ပိန်းပင်ရဲ့ ရိုးတံတို့ကိုခုတ်ပြီး  အပေါ်ယံ အကြောမျှင်ကလေးတွေကို ခွာရပါတယ်။ တချို့ ကြီးမားတဲ့  ပိန်းရိုးတွေကို အရွယ်တူဖြစ်အောင် ထက်ခြမ်းခွဲပြီး လည်းကောင်း၊ လေးစိတ်စိတ်ပြီး လည်းကောင်း၊ ငါးခြောက်လှန်းသလို မျိုး နေပူပူမှာ နှစ်ရက်ခန့်အခြောက်လှန်းပြီး တင်ပို့တယ်လို့ သိရှိရ ပါတယ်။ပိန်းရိုးခြောက်  အဓိက ဝယ်ယူတဲ့နိုင်ငံမှာ တောင်ကိုရီးယားနိုင်ငံဖြစ်တယ်။ အခြားတင်ပို့တဲ့ နိုင်ငံတွေအနေနဲ့ တရုတ်၊ စင်ကာပူ၊ ဂျပန်နဲ့ ဆွစ် ဇာလန်နိုင်ငံတွေကိုလည်း  တင်ပို့တယ်။ ပိန်းရိုး ခြောက်ကို အဓိကချက်ပြုတ်စားသုံးရာမှာ အသုံး ပြုပြီး ဖိုင်ဖာခေါ် အမျှင်ဓာတ်များစွာ ပါဝင်တယ် လို့သိရှိရတယ်။ ပိန်းရိုးခြောက်ကို ၂၀၁၀ ခုနှစ်မှာ တန်ချိန် ၁၀၀၀ ကျော်ခန့်၊ တန်ဖိုး အမေရိကန် ဒေါ်လာ ၁၃ သိန်းကျော်နဲ့ ၂၀၁၁ ခုနှစ်မှာ တန် ချိန် ၆၀၀ ကျော်၊ တန်ဖိုး အမေရိကန်ဒေါ်လာ ၈ သိန်းကျော်ခန့် တင်ပို့ခဲ့တယ်။ ကာလတူ နှိုင်းယှဉ် ကြည့်ပါက တင်ပို့မှုအရေအတွက် လျော့နည်းသွား သော်လည်းဈေးနှုန်းမှာ မြင့်တက်လာတာကို တွေ့ ရှိရပါတယ်။ ယခုလို မိုးရာသီမှာထုတ်ယူဖို့ အချိန် စောသေးပြီး ရာသီဥတုကန့်သတ်ချက် အခက်အခဲ တွေ ရှိနေသေးသော်လည်း မကြာမီ ဆောင်းဦး ရောက်ပြီး ရာသီဥတု ခြောက်သွေ့လာတဲ့အခါ ထုတ်ယူလို့ မကုန်နိုင်အောင် ပေါများကြွယ်ဝလှတဲ့ မြန်မာ့သယံဇာတ  သဘာဝထွက်ကုန် ပိန်းရိုး ခြောက်က ကျေးလက်နေပြည်သူတို့အတွက် တစ် ဖက်တစ်လမ်းမှ ဝင်ငွေရရှိစေပြီး တိုင်းပြည်အတွက် လည်းအကျိုးရှိစေတဲ့ ပို့ကုန်ပစ္စည်း တစ်ခုဖြစ် ကြောင်း တင်ပြအပ်ပါတယ်။    ထွန်းမြင့်ထွန်း