မြန်မာနိုင်ငံသည် လယ်ယာစိုက်ပျိုးရေးနဲ့ မွေးမြူရေး လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်အောင် လုပ်ဆောင်ရန် လိုအပ်တဲ့ မြေလွတ်မြေရိုင်းများ များစွာရှိပြီး သင့်တင့်မျှတတဲ့ ရာသီဥတု လည်းရှိပါတယ်။ စိုက်ပျိုးရေးနဲ့ မွေးမြူရေး ကဏ္ဍမှာ အကျိုး အမြတ် များရယူနိုင်ပြီး နယ်နိမိတ်ချင်းထိစပ်နေတဲ့ အိမ်နီးချင်း နိုင်ငံများရဲ့ လူဦးရေထူထပ်မှုနဲ့ ကျယ်ပြန့်တဲ့ ဈေးကွက်ကြီးများ ဝန်းရံတည်ရှိနေမှုအပေါ် အမိအရဆုပ်ကိုင်နိုင်ဖို့လို ပါတယ်။ နိုင်ငံတော်မှ ပို့ကုန်တိုးမြှင့် တင်ပို့နိုင်ရေးအတွက် ၂၀၁၁ ခုနှစ် သြဂုတ်လ ၁၁ ရက်စွဲပါ အမိန့် ကြော်ငြာစာ အမှတ် ၃၂/၂၀၁၁ ဖြင့် ပြည်ပ ပို့ကုန် ပစ္စည်း ၇ မျိုးအား ကုန်သွယ် လုပ်ငန်းခွန် ကင်းလွတ်ခွင့်ပြုခဲ့ရာမှာ တိရစ္ဆာန်ထွက် ပစ္စည်း၊ ကျွဲနွားသားရေဆားနယ် အစိုများလည်း ပါရှိပါတယ်။
သြဂုတ်လအတွင်းမှာ ကန်ဒေါ်လာ ၅၉၈၀၀ တန်ဖိုးရှိ ကျွဲနွားသားရေဆားနယ်အစို ၉၂ တန်ကို မြဝတီနယ်စပ်မှ တင်ပို့မှုရှိလာတာတွေ့ရပါတယ်။ ၂၀၀၇-၂၀၀၈ ဘဏ္ဍာနှစ်မှာ တန် ၁၆၆၄၆ တန်ခန့်နဲ့ ၂၀၀၈-၂၀၀၉ ဘဏ္ဍာနှစ်မှာ ၇၃ တန်တင်ပို့ခဲ့ပြီးနောက်ပိုင်း မြဝတီနယ်စပ်မှ တင်ပို့မှုရပ်နား သွားရာမှ ယခုအခါ ပြန်လည် တင်ပို့မှုရှိလာတာဖြစ်ပါတယ်။ ထပ်မံတင်ပို့နိုင်ရေးလည်းစီစဉ်ဆောင်ရွက်နေတယ်လို့ ကုမ္ပဏီ လုပ်ငန်းရှင်များထံက သိရှိရပါတယ်။ကျော်ဆန်းထွန်း