Main menu

Background

ငွေလဲစင်တာများမှ ဝယ်ယူသည့်ဈေးနှုန်းနှင့် ပြင်ပဈေးနှုန်းကွာဟနေမှုကြောင့် စင်တာများတွင် လာရောက်ရောင်းချသူများ များပြားနေ

Fri, 09/28/2012 - 10:19 -- Anonymous (not verified)

ယခုတစ်ပတ်အတွင် ပုဂ္ဂလိကဘဏ်များ၏ ငွေလဲစင်တာများတွင် ငွေလဲနှုန်းမှာ ဗဟိုဘဏ်မှ သတ်မှတ်ထားသည့် အနိမ့်ဆုံးဈေးနှုန်းအတိုင်း ရောင်းဝယ်လျက်ရှိသော်လည်း ပြင်ပဈေးကွက်တွင်မူ နေ့စဉ်ဆက်တိုက် ဒေါ်လာဈေးများ ကျဆင်း လျက်ရှိကြောင်း သိရသည်။ ထိုကဲ့သို့ ပြင်ပဈေးကွက်မှ အမေရိကန်ဒေါ်လာဈေးနှုန်းသည် စင်တာများမှ ဈေးနှုန်းထက် ၁၀ ကျပ်ခန့်ကွာဟနေသဖြင့် ပြင်ပမှဝယ်ယူပြီး စင်တာများတွင် လာရောက်ရောင်းချလျက်ရှိကြောင်း သိရသည်။ ထို့ပြင် မှောင်ခို ဈေးကွက်အတွင်းမှ အရောင်းအဝယ် သမားတချို့ပင်လျှင် နေ့စားများငှားရမ်း၍ စင်တာများတွင်တန်းစီတိုးကာ ရောင်းချနေကြ ကြောင်း သိရသည်။

ငွေလဲစင်တာများတွင်အမေရိကန် ဒေါ်လာဈေးနှုန်းသည် ရောင်းဈေး ၈၆၇ ကျပ်၊ ဝယ်ဈေး ၈၆၃ ကျပ်ဖြင့် ရောင်းဝယ် လျက်ရှိသော်လည်း ပြင်ပဈေးကွက်တွင်မူ ရောင်းဈေး ၈၅၇ ကျပ်၊ ဝယ်ဈေး ၈၅၃ ကျပ်ဖြင့်သာ အရောင်းအဝယ်ပြုနေကြကြောင်း သိရသည်။ ထိုကဲ့သို့ ပြင်ပဈေးကွက်တွင် ငွေဈေးနှုန်းများကျဆင်းနေရခြင်းမှာ မော်တော်ယာဉ်တင်သွင်းမည့်သူများသည် ငွေလဲစင်တာများမှ ငွေကိုသာ ဝယ်ယူနေသည့်အတွက် ပြင်ပငွေဈေးကွက်တွင် အရောင်းအဝယ်ဖြစ်မှုများ နည်းပါးသွားခြင်း ကြောင့် ဖြစ်ကြောင်း ပြင်ပငွေဈေးကွက်မှ စုံစမ်းသိရှိရသည်။" ကျွန်တော်တို့ ပြင်ပငွေဈေးကွက်မှာ ဈေးက နေ့တိုင်းလိုလိုကျနေတာ။ မော်တော်ယာဉ်တင်သွင်းမယ့်သူတွေက စင်တာ တွေမှာပဲ သွားဝယ်ကြတာ။ ကျွန်တော်တို့ဈေးကွက်မှာ အရောင်းအဝယ်က နည်းသွားတာ။ ဒီလိုနည်းသွားတော့ ငွေရှင်တွေက သူတို့လက်ထဲ ကဒေါ်လာတွေကို ထုတ်ရောင်းတော့တာ။ အဲဒါကြောင့် ငွေဈေးက နေ့တိုင်းလိုလို ကျနေတာပဲ။ အဲဒီလိုကျနေတဲ့ တွက် အပြင်ကဝယ်ပြီးတော့ စင်တာမှာသွားရောင်းအဲဒီအလုပ်က ပိုသေချာတယ်လေ။ ဒါကြောင့် အခုဆို စင်တာတွေမှာ ရောင်းတဲ့သူတွေ ပိုပြီးများလာတာပေါ့"ဟု ပြင်ပငွေဈေးကွက်အတွင်းမှ ပုဂ္ဂိုလ်တစ်ဦးက ဆိုသည်။           မယ်သီတာ