Main menu

Background

မြန်မာ့ကညွတ် ပြည်ပသွားပြီ

Mon, 10/01/2012 - 04:10 -- Anonymous (not verified)

ဟင်းသီးဟင်းရွက်သီးနှံတစ်မျိုးဖြစ်တဲ့ ကညွတ်ကို အမျိုးမျိုးအဖုံဖုံ ပြုလုပ်စားသုံးလျက်ရှိကြပါတယ်။ အဖြူရောင်နဲ့ အစိမ်းရောင်ကညွှတ်မှာ လူသိများပြီး ခရမ်းရောင်ကညွတ်ကလည်း အဖြူရောင်နဲ့ အစိမ်းရောင် ကညွတ်တွေထက် သကြားဓါတ်ပါဝင်မှုပိုများလျက်ရှိပါတယ်။ ကညွတ်ကို အသား၊ ပုစွန်တို့နဲ့ ရောနှောကြော် လှော်ပြီးတစ်မျိုး၊ ကင်ပြီးတစ်မျိုး၊ ဟင်းချိုအဖြစ်တစ်မျိုး၊ သုပ်စားပြီး တစ်မျိုး အမျိုးမျိုး စားသုံးလျက်ရှိပါတယ်။ ဒါ့အပြင် ကညွတ်သနပ်အဖြစ်ပြုလုပ်ပြီး ကာလရှည်စွာ သိုလှောင်စားသုံးလျက်ရှိကြပါတယ်။

ကညွတ်မှာ ကယ်လိုရီပါဝင်မှုနည်းပါးပြီး ဗီတာမင်မျိုးစုံနဲ့ အင်တီအောက်ဆီဓါတ်ကြွယ်ဝလျက်ရှိပါတယ်။ ကညွှတ်ကို စားသုံးခြင်းနဲ့သွေးကြောမျှင်တွေ ပေါက်ထွက်ခြင်းမှ ကာကွယ်ပေးခြင်း၊ ရောင်ရမ်းမှုဖြစ်ခြင်းမှ ကာကွယ်ပေးခြင်း၊ ဆီးရွှင်စေခြင်း စတဲ့အစွမ်းသတ္တိတွေရရှိနိုင်မှာဖြစ်ပါတယ်။ ဒါ့အပြင် ဆီးချိုရောဂါ အမျိုး အစား (၂)နဲ့ နှလုံးရောဂါဖြစ်နိုင်ချေအား လျှော့ချပေးနိုင်ကြောင်း လေ့လာတွေ့ရှိရပါတယ်။ကညွတ်ကို ရွှေဖြူ (White Gold) သော် လည်းကောင်း၊ စားသုံးနိုင်တဲ့ ဆင်စွယ်  (Edible Ivory) သော် လည်းကောင်း၊ တော်ဝင်ဟင်းသီးဟင်းရွက် (Royal Vegetable) သော်လည်းကောင်း အမျိုးမျိုး တင်စားခေါ်ဝေါ်လျက်ရှိကြပါတယ်။ယခုလိုမျိုး အာဟာရဓာတ်ကြွယ်ဝပြီး အဖိုးတန်လှတဲ့ ကညွတ်ကို လူအများက ပိုမိုသိရှိလာပြီးဖြစ်ရာ မိမိတို့မြန်မာနိုင်ငံမှာလည်း ယခုအခါကညွှတ်ကို တွင်ကျယ်စွာစိုက်ပျိုးလျက်ရှိကြပြီး ပြည်တွင်းစားသုံးမှု ပိုလျှံ သည်များကို ပြည်ပကိုတင်ပို့ရောင်းချလျက်ရှိကြောင်း တွေ့ရှိရပါတယ်။ ကညွတ်ကို ရှမ်းပြည်နယ်မှာ အဓိကစိုက် ပျိုးလျက်ရှိပြီး ထွက်ရှိလာတဲ့ ကညွတ်တွေကို စင်ကာပူနိုင်ငံကို တင်ပို့လျက်ရှိကြောင်း သိရှိရပါတယ်။ ကညွှတ်မှာ နူးညံ့လှရာ စက္ကူပုံးများနဲ့ထုပ်ပိုးပြီး ရှမ်းပြည်နယ်မှ ရန်ကုန်လေဆိပ်ကို ကားကြီးတွေနဲ့ တိုက်ရိုက်သယ်ဆောင်ကာ လေကြောင်းနဲ့ စင်ကာပူကို တင်ပို့လျက်ရှိပါတယ်။ဒါကြောင့် သန့်ရှင်းလတ်ဆတ်စွာနဲ့ စနစ်တကျထုပ်ပိုးထားတဲ့ မြန်မာ့ကညွှတ်က နိုင်ငံခြားဝင်ငွေရှာဖွေ ပေးလျက်ရှိတဲ့ ပို့ကုန်အမယ်တစ်ခုအဖြစ်ရပ်တည်လျက်ရှိကြောင်း သတင်းကောင်းပါးလိုက်ရပါတယ်။ စန္ဒာထွန်း