Main menu

Background

စားသုံးသူဘက်မှ ကာကွယ်ထားရမည်လော ထုတ်လုပ်သူဘက်မှ ပြုပြင်ရမည်လော

Mon, 10/01/2012 - 04:41 -- Anonymous (not verified)

 
ကျွန်တော်ဟာ မူဆယ် ၁၀၅ မိုင်၊ မိုင်းယုကျွေးရွာကုန်စုံ ဈေး ဆိုင်တန်းရှိ လျှပ်စစ်ပစ္စည်းရောင်းသော ဆိုင်တစ်ဆိုင်မှ ထမင်းပေါင်း အိုး (Ricecooker) ) အသေးတစ်လုံးဝယ်ယူခဲ့ပါတယ်။ ဈေးကတော့ သိပ်မကြီးလှပါ။ ထမင်းပေါင်းအိုးရဲ့ အပြင်ဖက်ဟာ ကြွေရည်သုတ် အဖြူရောင် ဖြစ်ပြီး လှပသောပန်းခက်ပုံ များ ရေးဆွဲထား ပါတယ်။ ဆန်ထည့်သောအိုးရဲ့ အတွင်းပိုင်းတွင် အနက်ရောင်   (Tefron)  ပြောင်လက်နေအောင် သုတ်လိမ်းထားပါတယ်။ ၃ ရက်ခန့်ထမင်းချက် ပြီးသောအချိန် အိုးဆေးကြောသော အခါ ဆေးသားများ အဖတ်လိုက် ကွာကျလာတာကို တွေ့ရှိရပါတယ်။ ဤအခြေနေကို အရေးမကြီး သေးလို့ဟု ယူဆခဲ့ပါတယ်။ တစ်နေ့ ထမင်းစားပြီးချိန်မှာ ဝမ်းဗိုက်ထဲ မှာ မခံစားနိုင်လောက်အောင် နာနေပါတယ်။ ဤမျှဗိုက်နာနေရခြင်း ရဲ့အကြောင်းရင်းကိုကိုယ့်ကိုကိုယ်ပြန်လည်စစ်ဆေးတဲ့အခါ ချက်ထား သော ထမင်းမှ အဖြေကို တွေ့ရှိရပါတော့ တယ်။ အိုးမှာ ကပ်နေတဲ့ ထမင်းမှာ အနက်ရောင်အကွက် အကွက်ကလေးတွေတွေ့ရပြီး အိုးရဲ့ အောက်ခံဆေး သားများဖြစ်နေပြီး ထိုအစာကိုစားမိလို့ အစာအဆိပ် သင့်ပြီး ဗိုက်နာနေရခြင်း ဖြစ်ပါတယ်။ ဒီဖြစ်စဉ်ကို သာမန်အားဖြင့်ကြည့်ပါက ရိုးစင်းလှတဲ့ ကိစ္စ ကလေးတစ်ခုမျှဖြစ်ပါတယ်။ ဒီလိုအန္တရာယ်များ တဲ့ ဖြစ်စဉ်အား ဂရုစိုက်မိသူ၊ ပတ်ဝန်းကျင်ကိုတစ်ဆင့်ပြောပြသတိပေးမိသူ အလွန် နည်းမယ်လို့ ထင်ပါတယ်။ ထုတ်လုပ်သူရဲ့ အတ္တရှေ့ထားမှုကြောင့် စားသုံးသူ မည်မျှထိခိုက်ပြီးကြောင်း စာရင်းကောက်ခံခဲ့ပြီး အများ ပြည်သူသိရှိနိုင်ရန် သတင်းထုတ်ပြန်နိုင်ခဲ့ပါက လူအများသတိထား တတ်လာမှာဖြစ်ပါတယ်။ အပေါ်ယံ အရောင်အသွေးလှလှနဲ့ ဈေး ကွက်တင် ရောင်းချနိုင်ရေးတစ်ခုသာလျှင် ဦးစားပေးတဲ့ထုတ်လုပ်သူ ရဲ့ အပြစ်လား၊ ဈေးသက်သာမှုတစ်ခုတည်းကိုသာကြည့်ပြီး ပစ္စည်း အရည်အသွေးကို လျစ်လျူရှုတတ်တဲ့ စားသုံးသူရဲ့ အပြစ်လား စသဖြင့် လားပေါင်းများစွာနဲ့  စဉ်းစားရန်လိုအပ်မယ်ထင်ပါတယ်။ ယနေ့ခေတ်ကာလ ဟာ ဈေးကွက်အပြိုင်အဆိုင် ရောင်းချနေတဲ့ ခေတ် ဖြစ်ရာ ဒီနိုင်ငံထုတ်ကုန်ပစ္စည်းကိုမကြိုက်ရင် ဟိုနိုင်ငံထုတ်ကုန် ပစ္စည်းကို ဝယ်ယူကြမှာ ဖြစ်ပါတယ်။ ဒီလိုနဲ့ တစ်ဖက်နိုင်ငံမှ အရည်အသွေးစံချိန်စံညွှန်းမမီသော ထုတ်ကုန်ပစ္စည်းများ ဈေးကွက် သို့ မဝင်ရောက်နိုင်ရေး ကာကွယ်ထားရမှာ ဖြစ်ပါတယ်။ ဒါပေမယ့် စားသုံးသူဖက်ကလည်း ကုန်ပစ္စည်းရဲ့အရည်အသွေးအကြောင်းကို သိသင့်သလောက်သိထားရန် လိုအပ်မှာဖြစ်ပါ တယ်။ ဒါမှသာ စံချိန် စံညွှန်းမီသော ကုန်ပစ္စည်းကို ရွေးချယ်နိုင်မှာ ဖြစ်ပါတယ်။ ထုတ်လုပ်သူအနေနဲ့လည်း မိမိထုတ်လုပ်လိုက်တဲ့ ကုန်ပစ္စည်း ဟာ စားသုံးသူဖက်က မည်သို့သဘောထားသည်၊ မည်ကဲ့သို့ လုပ် ဆောင်နေကြောင်း လေ့လာတတ်ဖို့လိုပါတယ်။ သာဓကတစ်ခု အနေဖြင့် ပြောရမယ်ဆိုရင် ဂျပန်နိုင်ငံ Toyota  ကားကုမ္ပဏီဟာ Brand  အသစ်တစ်ခု ထုတ်လုပ်တိုင်း စားသုံးသူ၏အသံ၊ အကြံပြု ချက်များ အလေးထားပြုပြင်ဆောင်ရွက်ပေးလေ့ရှိတယ်လို့ မှတ်သား ဘူးပါတယ်။ လိုအပ်ပါက အားနည်းချက်ရှိသော ကားများကို Brand  တစ်ခုလုံး ကမ္ဘာ၏မည်သည့် အစိတ်အပိုင်းတွင်ရှိနေစေကာမူ ငွေကုန်ကြေးကျခံကာသိမ်းယူပြီး ပြန်လည်ပြုပြင်ပေးလျက် ရှိပါတယ်။ ဒါကြောင့်လည်းဂျပန်မော်တော်ကားများကို လူကြိုက်များရခြင်း ဖြစ် ပါတယ်။ ဒါပေမယ့် တစ်ဖက်နိုင်ငံမှ စက်ရုံ၊ အလုပ်ရုံများကို ဟိုလိုလုပ်ပါ၊ ဒီလိုလုပ်ပါဟု ကျွန်တော်တို့အမိန့်ပေး၍ မရပါ။ ရနိုင်သောနည်းလမ်း နှစ်ခုမှာ စားသုံးသူမှ အရည်အသွေးညံ့သော ကုန်ပစ္စည်းများ မဝယ် သောနည်းလမ်းနဲ့ အရည်အသွေးစစ်ဆေးသော အဖွဲ့အစည်းများမှ အရည်အသွေးညံ့ဖျင်းသော ကုန်ပစ္စည်းများ မိမိတို့နိုင်ငံအတွင်းသို့ တင်သွင်းခွင့်မပြုသောနည်းလမ်းပင်ဖြစ်ပါတယ်။အခြားသော အရည် အသွေးမမီသော ကုန်ပစ္စည်းများ ကျွန်တော်တို့ နိုင်ငံအတွင်းသို့ အမယ်ပေါင်းများစွာ ဝင်ရောက်မှုရှိနေမှာ မြေကြီးလက်ခတ်မလွဲ နိုင် ပါဘူး။ စားသောက်ကုန်ပစ္စည်းများ၊ ယာဉ်နှင့် စက်ပစ္စည်းများ၊ လျှပ်စစ်ပစ္စည်း များ၊ ဆောက်လုပ်ရေး ပစ္စည်းများ၊ ဆေးဝါးနှင့် ဓာတု ဗေဒပစ္စည်းများ စသည့်ကုန်ပစ္စည်းများတွင် စံချိန်၊ စံညွှန်းမမီသော ကုန်ပစ္စည်း အများအပြားပါရှိနေမှာ ဖြစ်ပါတယ်။ စိတ်မကောင်းစရာ သတင်းတစ်ပုဒ်ကြားခဲ့ဘူးပါတယ်။ တစ်ဖက် နိုင်ငံရွှေလီမြို့ရှိ မုန့်ဆိုင်တစ်ခုတွင် ဆိုင်ရှင်ရဲ့ ၆ နှစ်အရွယ် သမီးမှ သူမ မိခင်ဆိုင်ရှင်ထံ ရောင်းနေသော တရုတ်မုန့်နဲ့ အချိုရည်ကို တောင်းခံခဲ့ရာ မိခင်မှ "သမီး ဒီမုန့်တွေ နင်တို့စားလို့ရတဲ့ဟာတွေ မဟုတ်ဘူး၊ နင်တို့စောစောသေချင်လို့လား"လို့ ပြန်ပြောသံ ကြား ရတယ်လို့ ဆိုပါတယ်။ ယခုတစ်လောအထင်ရှားဆုံး၊ လူသိအများဆုံးအန္တရာယ်ရှိသည့် ကုန်ပစ္စည်းမှာ မြောင်းဆီလို့ခေါ်တဲ့ အညစ်အကြေးများမှ ဆယ် တင်သောစားသုံးဆီပင်ဖြစ်ပါတယ်။ လူကိုမည်မျှအတိုင်းအတာအထိ အန္တရာယ်ပေးမည်ကို တိတိကျကျဖော်ပြခြင်း မတွေ့ရသေးသော် လည်း ကျန်းမာရေးကို ထိခိုက်မယ်ဆိုတာကို တပ်အပ်ပြောလို့ ရပါ တယ်။ မြန်မာပြည်အတွင်း နည်းလမ်းပေါင်းစုံနဲ့ ဝင်ရောက်လာနေကြ ကြောင်း သိရပါတယ်။ အမှတ်တံဆိပ် အမျိုးမျိုးတပ်၍ ပြည်တွင်း သို့ ဝင်ရောက်လာခြင်းဖြစ်ပါတယ်။ ကုန်စုံဆိုင်၊ ဆေးဆိုင်နဲ့ ကွမ်းယာဆိုင်များမှာ တွေ့ရတတ်သော ကာမ အားတိုးဆေး၊ အားထိန်းဆေး၊ ကာမစိတ်ကြွဆေးများဟာ တစ်ဖက်နိုင်ငံ FDA  ၏ စစ်ဆေးချက်များ၊ စက်ရုံတည်နေရာမှစ၍ ထုတ်လုပ်မှုနှင့်ဆိုင်သော အချက်အလက်များဖော်ပြထားခြင်း မရှိတာကို ထောက်ရှုှုခြင်းအားဖြင့် ရိုးသားမှုမရှိဘူးလို့ သုံးသပ်ရမှာ ဖြစ်ပါတယ်။ ယခုနောက်ပိုင်း တစ်ဖက်နိုင်ငံမှဝင်ရောက်လာသော အိမ်သုံး လျှပ်စစ်ပစ္စည်းဝါယာကြိုးများတွင် ၁၀ အင်ပီယာ၊ ၂၅၀ ဗို့ အစရှိ သဖြင့် ဖော်ပြထားသော်လည်း ၁၂၀၀ ဝပ်အားရှိ လျှပ်စစ်မီးပူကိုနာရီ ဝက်ခန့်အသုံးပြုရုံမျှနဲ့ ၎င်းင်းဝါယာကြိုးများမှာ ခံနိုင်ရည်သိပ်မရှိတော့ ဘဲ ကြိုးပူလာခြင်း၊ ၎င်းင်းကြိုးကို ကာအုပ်ထားသော ရော်ဘာ ပင်လျှင် အပူလွန်ကဲပြီး ပေါက်ပြဲလာခြင်းများ မကြာခဏကြုံရတတ်ပါတယ်။ ယခင်မြန်မာပြည်ထုတ် က.စ.လ လျှပ်စစ်ပစ္စည်းများတွင် ထိုသို့ သော ပြဿနာမျိုး မရှိခဲ့ပါဘူး။ တရုတ်-မြန်မာနှစ်နိုင်ငံကုန်စည်ပြပွဲ တစ်ခုတွင် မြန်မာဖက် တာဝန်ရှိသူတစ်ဦးမှ တရုတ်နိုင်ငံထုတ် ၃၀၂၉ လျှပ်စစ်ဝန်ထမ်းကြိုး (3029 Service wire) အရည်အသွေးမမှီ ကြောင်းပြောပြရာ ၎င်း တရုတ်ကိုယ်စားလှယ်မှ " ခင်ဗျား တို့မြန်မာ နိုင်ငံက ဈေးသက်သာအောင်ထုတ်ပေးပါဆိုလို့ ကျုပ်တို့စက်ရုံတွေ က မြန်မာပြည်အမှာစာအတိုင်း အထူးဒီဇိုင်းထုတ်ပေးတာပါဗျာ၊ လို ချင်တဲ့ Quality မှာပါ၊ မှာတဲ့အတိုင်း မထွက်လာရင် ကျုပ်တို့ လျော် ပေးမယ်" ဟု ခပ်တိုတိုပြန်ဖြေခဲ့တယ်လို့ ကြားဘူးပါတယ်။ အထက်ပါအဖြစ်အပျက်များဟာ နမူနာမျှသာဖြစ်ပြီး တစ်ဖက် နိုင်ငံက တရားဝင်တင်သွင်းသော ကုန်ပစ္စည်း အမယ်ပေါင်းထောင်ချီ ရှိမှာ ဖြစ်ပြီး တရားမဝင်ကုန်သွယ်မှုလမ်းတွင် အမယ်ပေါင်း ထိုထက် ၂ ဆခန့်ရှိလိမ့်မယ်လို့ ခန့်မှန်းရပါတယ်။ တစ်ဖက်က တင်သွင်းတဲ့ ဤမျှလောက်များပြားသောအမယ်များမှာ အရည်အသွေးစံချိန်စံညွှန်း မမီသောကုန်ပစ္စည်းများဟာ အများစုပါလိမ့်မယ်လို့ ထင်ပါတယ်။ ကျွန်တော်တို့ မြန်မာပြည်သူများအတွက် အန္တရာယ်ရှိသော ကုန် ပစ္စည်းများ စားသုံးသူလက်တွင်းသို့ အတိုင်းအဆမသိရောက်ရှိသွားပြီး ဖြစ်ပါလိမ့်မယ်။ ၎င်း ပစ္စည်းများကြောင့် အသက်ပေါင်းများစွာ ငွေ ကြေးများစွာ ဆုံးရှုံးပြီးဖြစ်ပါလိမ့်မယ်။ ဤမျှလောက်အရေးကြီးသောကိစ္စဟာ မြန်မာတစ်မျိုးသားလုံးနဲ့ သက်ဆိုင်လာပြီဖြစ်ပါတယ်။ ကိုယ့်နိုင်ငံ အဓွန့်ရှည်ရေး တစ်မျိုးသား လုံးက အသိတရားနဲ့ယှဉ်ကာ ကျန်းမာရေးအတွက် အလေးထားဖို့ လိုအပ်ပါမယ်။ ကျန်းမာသန်စွမ်းမှသာ တာဝန်များထမ်းဆောင်နိုင်မှာ ဖြစ်ပါတယ်။ ဒါ့ကြောင့် ကျွန်တော်တို့စားသုံးသူများဟာ ကိုယ့်တိုင်း ပြည်၊ ကိုယ့်လူမျိုးကိုချစ်လျှင်--    အရည်အသွေးမမီသောကုန်ပစ္စည်းများတင်သွင်း၊ ရောင်းချခြင်း အား ရှောင်ကြဉ်ရန်။-    ပြည်ပမှတင်သွင်းလာသောအန္တရာယ်ရှိကုန်ပစ္စည်းများ၊ တာဝန် ရှိသူများမှ တိုင်းပြည်ရဲ့မျက်နှာကို  ထောက်ထားသောအားဖြင့် တားဆီးပေးခြင်း၊ သက်ဆိုင်သောဌာနများသို့ အကြောင်းကြား အသိပေးခြင်း၊ ဥပဒေအရအရေးယူခြင်းများ ဆောင်ရွက်ရန်။-    အန္တရာယ်ရှိသောကုန်ပစ္စည်းများသည် မည်မျှပင်ဈေးသက်သာ စေကာမူ စားသုံးသူများမှ ဝယ်ယူအသုံးပြုခြင်းမပြုရန်။-    စားသုံးသူများသည် စားသုံးသူဥပဒေ၊ စားသုံးသူ၏အခွင့်အရေး၊ ရပိုင်ခွင့်များလေ့လာ၍ နစ်နာမှုရှိသည်ဟု ယူဆပါက ဥပဒေ လမ်းကြောင်းအတိုင်း ဆောင်ရွက်ရန်။-    အန္တရာယ်ရှိသည်ဟု ယူဆရသော ကုန်ပစ္စည်းများအား သက်ဆိုင်ရာကျွမ်းကျင်သူများသို့ အသိပေးအစစ်ဆေးခံရန်။-    အန္တရာယ်ရှိသောကုန်ပစ္စည်းများအကြောင်းအား နီးစပ်ရာ ပတ် ဝန်းကျင်သို့ အသိပေးရန် စတဲ့အချက်     များကို စဉ်းစားကြဖို့ လိုအပ်နေပြီလို့ အကြံပေးလိုပါတယ်။ နိုင်ငံတော်မှလည်း ယခုအခါစားသုံးသူကာကွယ်ရေးအတွက် အလေးအနက်ထားဆောင်ရွက်လာနေပြီ ဖြစ်ပါတယ်။ ပြည်သူ့ လွှတ်တော်မှ အတည်ပြုပြီးပါက စားသုံးသူကာကွယ်ရေးဥပဒေ ထွက်လာတော့မှာဖြစ်ပါတယ်။ ၂၀၁၂ ခုနှစ်စက်တင်ဘာလ ၁ ရက် ကစပြီး မူဆယ် ၁၀၅ မိုင် နယ်စပ်ကုန်သွယ်ရေးဇုန် အတွင်း၌ ကျန်းမာရေး ဦးစီးဌာန၊ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဌာန ခွဲဖွင့်လှစ်ပြီး စားသောက်ကုန်နဲ့ ဆေးဝါးများကို စစ်ဆေးခြင်းအား ဆောင်ရွက်ပေးနိုင်ပြီဖြစ်ပါတယ်။ အရည်အသွေးစံချိန်စံညွှန်းမမီသော ကုန်ပစ္စည်းများအတွက် စားသုံးသူဖက်မှ အထက်ပါအကြံပြုသော နည်းလမ်းများအတိုင်း မိမိတို့ဖက်မှကာကွယ်ထားရန် တိုက်တွန်းလိုပါတယ်။ ထုတ်လုပ်သူ အား ပြုပြင်လာရန် စားသုံးသူဖက်မှ အကြံပြုတိုက်တွန်းရန်ခက်ခဲပါ လိမ့်မယ်။ စားသုံးသူများမှ ညီညီညွတ်ညွတ်ဖြင့် စုပေါင်းကာကွယ် လျှင် ထုတ်လုပ်သူဖက်မှ အလိုလို ပြုပြင်လာမှာဖြစ်ပါတယ်။ ခေတ် သစ်မျက်မှောက်ကာလမှာ အင်အားကြီးနိုင်ငံများဟာ စစ်လက်နက်နဲ့ ကျူးကျော်တိုက်ခိုက်ခြင်း မပြုတော့ဘဲ စီးပွားရေးအင်အားဖြင့် အနိုင် ယူတိုက်ခိုက်တတ်ကြပါတယ်။ စီးပွားရေးနဲ့တိုက်ခိုက်ရာမှာ မိမိရဲ့ တရားဝင်ပို့ကုန်ပစ္စည်းများအား ၎င်း တိ့ုနိုင်ငံတွင်းသို့ တရားမဝင်တင် သွင်းခြင်း ဖြစ်အောင်ဆောင်ရွက်ခြင်း၊ မိမိတို့နိုင်ငံသို့ တင်ပို့သောကုန် ပစ္စည်းများတွင် အရည်အသွေးမမီ အန္တရာယ်ရှိ ကုန်ပစ္စည်းများအား တင်ပို့ခြင်းမျိုး လုပ်လာတတ်ပါတယ်။ မျိုးချစ်စိတ်ဓာတ်ဖြင့် သတိ ထားပြီ စားသုံးသူကာကွယ်ရေးဝိုင်းဝန်း ကြိုးပမ်းဆောင်ရွက်ကြပါစို့လု့ိ တိုက်တွန်းလိုက်ရပါတယ်။