ပါကစ္စတန် SME လုပ်ငန်းရှင်များသမဂ္ဂမှ ဘာစမာတီစပါးစိုက် တောင်သူများကို ထောက်ပံ့မှုပေးဖို့နဲ့ တင်ပို့ခွန်လျှော့ချဖို့ အစိုးရအားတိုက်တွန်း
အိန္ဒိယဆန်တင်ပို့သူတွေကို ပုံမှန်ဖောက်သည်ဝယ်လက်များ လက်လွတ်ဆုံးရှုံးခံနေရတဲ့ ပါကစ္စတန် ဘာစမာတီဆန်စပါး ကဏ္ဍကို ကာကွယ်ဖို့ အစိုးရအနေနဲ့ လယ်ယာလုပ်ငန်းထောက်ပံ့မှုများပေးဖို့နဲ့ ဘာစမာတီဆန် တင်ပို့ခွန်လျှော့ချပေးဖို့ ပါကစ္စတန် အသေးစားနဲ့ အလတ်စားလုပ်ငန်းရှင်များသမဂ္ဂ (Unisame) မှ တိုက်တွ န်းကြောင်း သိရပါတယ်။ သွင်းအားစု စရိတ်ကြီးမြင့်ခြင်း၊ သယ်ယူခနှုန်းထားများမြင့်တက်ခြင်းတို့ကြောင့် ၂၀၁၁-၁၂ ဘဏ္ဍာနှစ်အတွင်း ဘာစမာတီဆန်တင်ပို့မှု ကျဆင်းခဲ့တယ်လို့ (Unisame) ခေါင်းဆောင်မှ ပြောကြားပါတယ်။ စီးပွားရေးဘဏ်များမှ တတိယကမ္ဘာ့နိုင်ငံများရဲ့ ဝယ်လက်များမှ LC ပေးခြင်းကို ငြင်းဆိုခြင်းကြောင့် ယင်းဝယ်လက် များဟာ အိန္ဒိယဆန်ကို ပြောင်းလဲဝယ်ယူလာကြတယ်လို့ ၎င်း က ဆိုပါတယ်။
အစိုးရအနေနဲ့ စပါးကွင်းတွေကို ဓာတ်အားဖြန့်ဖြူးမှု ပုံမှန်ထောက်ပံ့ရေး၊ လယ်ယာသွင်းအားစု များ ထောက်ပံ့ခြင်း၊ ပြည်ပတင်ပို့ခွန်ကို ၅ ရာခိုင်နှုန်းအထိ လျှော့ချခြင်းနဲ့ ဆန်ထုပ်ပိုးမှု၊ စက်ပစ္စည်းများနဲ့ ပတ်သက်လို့ တင်သွင်းခွန် လျှော့ချ ပေးခြင်းစတာတွေ ပြုလုပ်ပေးဖို့ (Unisame) ဥက္ကဌမှ တိုက်တွန်းထားကြောင်း သိရပါတယ်။ ၂၀၁၁-၁၂ အတွင်း ဘာစမာတီ ဆန်ထုတ်လုပ်မှုဟာ ရည်မှန်းပမာဏ တန်ချိန် ၂ ဒသမ ၆ သန်းမှ ၇ ရာခိုင်နှုန်း ကျဆင်းပြီး တန်ချိန် ၂ ဒသမ ၄ သန်းသာ ရှိတယ်လို့ ဘာစမာတီဆန်ထုတ်လုပ်သူများအသင်း (BGA ) ဥက္ကဋ္ဌမှ ပြောကြားထားပါတယ်။ ထုတ်လုပ်မှုသွင်းအားစုစရိတ် ပိုမိုပြီး ပြန်ရရှိမှုနည်းတဲ့အတွက် ဖြစ်တယ်လို့ ၎င်း က ဆိုပါတယ်။ ၂၀၁၁-၁၂ အတွင်း ပါကစ္စတန်ရဲ့ ဆန်တင်ပို့မှုဟာ တန်ချိန် ၃ ဒသမ ၂၉ သန်းသာရှိလို့ ၂၀၁၀-၁၁ တင်ပို့ခဲ့တဲ့ တန်ချိန် ၃ ဒသမ ၆၇ သန်းမှ ၁၀ ဒသမ ၂ ရာခိုင်နှုန်းကျဆင်းခဲ့ပါတယ်။ ပါကစ္စတန်စာရင်းအင်းဗျူရို မှ ပြောကြားချက်အရ ဘာစမာတီဆန်တင်ပို့မှုဟာ ၂၀၁၀-၁၁ မှာ တန်ချိန် ၁ ဒသမ ၁၇ သန်းရှိရာမှ ၂၀၁၁-၁၂ မှ တန်ချိန် ၉ သိန်းကျော်သာရှိလို့ ၂၃ ရာခိုင်နှုန်းခန့်ကျဆင်းခဲ့တယ်လို့ သိရပါတယ်။ လမင်း၊Source: oryza.com
