Main menu

Background

မုံရွာကုန်စည်ဒိုင် စက်တင်ဘာ တတိယပတ် ပဲမျိုးစုံဝယ်လက်အေးနေ

Thu, 10/04/2012 - 04:30 -- Anonymous (not verified)

စက်တင်ဘာလ တတိယပတ် မုံရွာကုန်စည်ဒိုင် ပဲဈေးကွက်မှာ ပဲအများစု ဝယ်လက်အေးနေကာ အရောင်း အဝယ် သိပ်မဖြစ်ဘူးလို့ ကုန်သည်ရပ်ကွက်က ဆိုပါတယ်။ မုံရွာကုန်စည်ဒိုင်ရဲ့ အဓိကရောင်းကုန်သီးနှံ တစ်မျိုးဖြစ်တဲ့ ကုလားပဲအုပ်စု တွေလည်း ယခုအပတ်မှာ ရန်ကုန်အဝယ်မရှိဘဲ ဒေသခံလုပ်ငန်းသုံးသမားတွေ ပုံမှန်အဝယ်သာရှိ ခဲ့လို့ ကျဈေးအသီးသီးနဲ့သာ အရောင်းအဝယ်အသင့်အတင့်ဖြစ်ခဲ့တယ်လို့ သိရပါတယ်။

ယခုတစ်ပတ်အတွင်း ဖြစ်ပေါ်ခဲ့တဲ့ ကုလားပဲပေါက်ဈေးတွေအနေနဲ့ V2 တစ်တင်း ၂၀၁၀၀ ကျပ်မှ ၁၉၀၀၀ ကျပ်၊ ထိုင်ဝမ်တစ်တင်း ၂၁၂၀၀ ကျပ်မှ ၂၀၀၀၀ ကျပ်၊ 929 တစ်တင်း ၂၁၀၀၀ ကျပ်မှ ၁၉၆၀၀ ကျပ်အသီးသီး ကျဈေးဖြစ်ပေါ် ခဲ့ပါတယ်။ ကုလားပဲအရောင်းအဝယ်လည်း ယခင်အပတ်ကထက် အနည်းငယ်လျော့ကာ တစ်ပတ်အတွင်း V2 ကုလားပဲ အိတ် ၃၀၀၀ ခန့်နဲ့ ထိုင်ဝမ်နဲ့ 929 ကုလားပဲအိတ် ၄၀၀၀ ခန့်သာရှိခဲ့တယ်လို့ ကုန်သည်ရပ်ဝန်းကကြားသိရပါတယ်။ ယခုတစ်ပတ် မုံရွာကုန်စည်ဒိုင်ပဲစင်းငုံနီဈေးကွက်လည်း ရန်ကုန်ဝယ်လက် ကောင်းကောင်း မဆွဲလို့ ကျဈေး ဆက်တိုက် ဖြစ်ပေါ်ခဲ့ကာ အရောင်းနည်းသွားတာတွေ့ရပါတယ်။ ယခုတစ်ပတ်အတွင်း ဖြစ်ပေါ်ခဲ့တဲ့ ငုံနီပေါက်ဈေးကတော့ အမြင့်ဆုံး တစ်တင်း ၂၀၃၀၀ ကျပ်ကနေ အနိမ့်ဆုံး တစ်တင်း ၁၉၃၀၀ ကျပ်ထိ ဈေးအေးခဲ့တာတွေ့ရပါတယ်။ အရောင်းအဝယ်အနေနဲ့ ယခုတစ်ပတ်အတွင်း အိတ် ၄၀၀၀ မှ ၅၀၀၀ ကြား ဖြစ်ခဲ့တယ်လို့ ကုန်စည်ဒိုင်ရပ်ကွက်က ဆိုပါတယ်။ ယခုတစ်ပတ် မုံရွာကုန်စည်ဒိုင် ပဲတီစိမ်းကြီးဈေးကွက်မှာလည်း မိုးပဲတီ အဝင်ကြဲလာကာ မူးမြစ်ဝှမ်းဒေသ များဖြစ်ကြတဲ့ ရေဦးနယ်ဘက်မှ အသင့်အတင့် ဝင်ရောက်လာခဲ့လို့ ပုံမှန်အရောင်းအဝယ်ဖြစ်နေတယ်လို့ သိရ ပါတယ်။ ယခင် စိုက်နေကြ မိုးပဲတီတွေ မိုးကြောင့် စိုက်ပျိုးမှုပါနောက်ကျလို့ အထွက်လည်းနောက်ကျခါ လာမယ့် နိုဝင်ဘာလောက်မှာ ပဲသစ်ဝင်နိုင် တယ်လို့ ကုန်သည်တစ်ဦးက ပြောပါတယ်။ လောလောဆယ် မုံရွာ ဈေးကွက်မှာတော့ ပဲတီစိမ်းကြီးတစ်တင်း ၁၉၀၀၀ ကျပ်မှ ၁၉၅၀၀ ကျပ် ဝန်းကျင်ပေါက်ဈေးဖြစ်နေပြီ၊ မန်းဝယ်လက် အတွက် တစ်ရက်အိတ် ၁၅၀ မှ ၂၀၀ ကြာနေ့စဉ် အရောင်းအဝယ်ဖြစ်နေတယ်လို့ ကုန်သည်ရပ်ကွက်မှ ကြားသိရပါတယ်။ မုံရွာကုန်စည်ဒိုင် ပဲကြီးဈေးကွက်မှာလည်း ယခုတစ်ပတ်အတွင်း နေ့စဉ်ဈေး မဖွင့်ခဲ့ဘဲ နယ်အဝယ်အချို့ နဲ့ ဒေသတွင်း ပဲကြော်သမားအဝယ်ရှိမှသာ အရောင်းအဝယ်ဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။ ပေါက်ဈေးကတော့ တစ်တင်း ၂၇၀၀၀ ကျပ်ကနေ ၂၆၅၀၀ ကျပ်ထိ တစ်တင်း ၅၀၀ ကျပ်ခန့်ကျဆင်းသွားပြီး၊ အရောင်းအဝယ်အားဖြင့် တစ်ရက် ပျမ်းမျှ အိတ် ၁၀၀ မှ ၂၀၀ ဝန်းကျင်ဖြစ်ခဲ့တယ်လို့ ကုန်စည်ဒိုင်ရပ်ကွက်က ကြားသိရပါတယ်။         ထွန်းလှိုင်