Main menu

Background

ရာသီဥတုအခြေအနေအရ တရုတ်သကြားထွက်ရှိမှု မြင့်တက်၊ တင်သွင်းမှု လျော့ကျဖွယ်ရှိ

Thu, 10/04/2012 - 06:02 -- Anonymous (not verified)

သကြားအများဆုံးတင်သွင်းတဲ့ တရုတ်နိုင်ငံမှာ ရာသီဥတုသင့်တင့်တဲ့အတွက် တောင်သူတွေ စိုက်ပျိုးမှု တိုးတက်ခဲ့လို့ ဒုတိယအများဆုံးသီးနှံ ကြံထွက်ရှိမှု ပိုမိုဖွယ် ရှိပြီး၊ ပြည်ပက ဝယ်ယူမှု လျော့ကျဖွယ် ရှိပါတယ်။ အောက်တိုဘာမှာ စတင်တဲ့ သကြားရာသီအတွင်း သကြားထွက်ရှိမှုက ၁၉ ရာခိုင်နှုန်းပိုမိုပြီး၊ တန်ချိန် ၁၃ ဒသမ ၇ သန်းရှိမယ်လို့ လေ့လာဆန်းစစ်သူများနဲ့ ကုန်သည် ၉ ဦးကို စစ်တမ်း ကောက်ယူချက်အရ ခန့်မှန်းထားကြောင်း သိရပါတယ်။ တရုတ်သကြားအသင်းက ခန့်မှန်းတာကတော့ ယခုရာသီ စုစုပေါင်း သကြားထွက်ရှိမှုက တန်ချိန် ၁၁ ဒသမ ၅ သန်းရှိမယ်လို့ ဆိုပါတယ်။

သကြားထွက်ရှိမှုက ပြီးခဲ့တဲ့ ၂၀၀၇-၀၈ မှာ တန်ချိန် ၁၄ ဒသမ ၈ သန်းအထိ စံချိန်တင်မြင့်တက်ခဲ့တယ်လို့ အသင်းရဲ့ စာရင်းတွေအရ သိရပါတယ်။ တကယ်လို့ ၂၀၁၂-၁၃ မှာ သကြားတန်ချိန် ၁၃ ဒသမ ၅ သန်းနဲ့ ၁၄ သန်းအကြား ထွက်မယ် ဆိုရင် တရုတ်နိုင်ငံအနေနဲ့ သကြားတင်သွင်းရမှာမဟုတ်ဘူးလို့ သုတေသနပညာရှင် Janathan  Kingsman  မှ ဆိုပါတယ်။ ကမ္ဘာမှာ သကြားအများဆုံး ထုတ်လုပ်တဲ့ ဘရာဇီးမှာ ရာသီဥတုခြောက်သွေ့ နေလို့ ကြံကြိတ်ခွဲမှု အရှိန်မြင့်တက်လာပြီး၊ ဒုတိယအများဆုံး စိုက်ပျိုးတဲ့ အိန္ဒိယ မှာလည်း မိုးရွာသွန်းမှု ပြန်တိုးတက်လာလို့ သီးနှံအလားအလာ ကောင်းမွန်လာတဲ့ အတွက် ယခုလ နယူးယောက်မှာသကြားကြိုပွိုင့်ဈေးက ၂ နှစ်အတွင်းအနိမ့်ဆုံးကို ကျဆင်းခဲ့ ပါတယ်။ ယခင်နှစ်က သကြားဈေးစံချိန်တင်မြင့်တက်ခဲ့လို့ တရုတ်နိုင်ငံမှာ စိုက်ဧကတွေ တိုးချဲ့လာခဲ့တယ်လို့ ဘေဂျင်းရှိ PKU  Founder ကုန်စည်ကုမ္ပဏီမှ သကြားဌာန အထွေထွေမန်နေဂျာ Cheng  Bo ကဆိုပါတယ်။ နိုင်ငံရဲ့ ကြံအဓိက စိုက်ပျိုးရာ ကွမ်ရှီးမှာလည်း ရာသီဥတုကောင်းတဲ့အတွက် ကြံသီးနှံကောင်းမွန်တယ်လို့ ဆိုပါတယ်။ ယခုနှစ်အတွင်း တရုတ်နိုင်ငံရဲ့ ကြံစိုက် ဧရိယာ ၁၂ ရာခိုင်နှုန်းခန့်မြင့်တက်ခဲ့တယ်လို့လည်း ဆိုပါတယ်။ တရုတ်အစိုးရအနေနဲ့ ၎င်း ရဲ့ သိုလှောင်မှုကို မြှင့်တင်ဖို့နဲ့ ကမ္ဘာ့ဈေးနှုန်း အထက်ရောက်နေ  တဲ့ ပြည်တွင်း ဈေးမြင့်တက်မှုကို ဖြေရှင်းမယ်ဆိုရင် သကြား ဆက်လက် တင်သွင်းရနိုင်တယ်လို့ Kingsman  မှ ဆိုပါတယ်။ ၂၀၁၁-၁၂ မှာ သကြားတန်ချိန် ၃ ဒသမ ၃ သန်းတင်သွင်းခဲ့ရာမှ အောက်တိုဘာလ ၁ ရက်မှာ စတင်တဲ့ ယခုနှစ်အတွင်း တန်ချိန် ၁ ဒသမ ၉၅ သန်းကို လျှော့ချတင်သွင်းရနိုင် တယ်လို့ ISO  မှ ခန့်မှန်းထားပါတယ်။ တရုတ်နဲ့ ရုရှားမှာ ကြံသီးနှံအလားအလာကောင်းလို့ နောက်ရာသီ ကမ္ဘာ့သကြားပိုလျှံမှုက ကနဦး ခန့်မှန်းထားတာ ထက် ၁၃ ရာခိုင်နှုန်း ပိုမိုဖွယ်ရှိတယ်လို့ Robobank မှ စက်တင်ဘာလ ၁၁ ရက်မှာ ပြောကြား ခဲ့ပါတယ်။ ကမ္ဘာ့ ရောင်းချမှုက ဝယ်လိုအားထက် တန်ချိန် ၅ ဒသမ ၂ သန်း ပိုမိုမယ်လို့ ဆိုပါတယ်။ အမေရိကန် ICE   ကြိုပွိုင့်ဈေးကွက်မှာ မတ်လပို့ရမယ့် သကြားကြမ်းဈေးက ၃ ရာခိုင်နှုန်းကျဆင်းပြီး၊ တစ်ပေါင်ကို ကန်ဒေါ်လာ ၂၀ ဒသမ ၁၅ ဆင့်(တစ်တန် ကန်ဒေါ်လာ ၄၄၂) ရှိခဲ့လို့ သြဂုတ်လ ၂၁ ရက်နောက်ပိုင်း အများဆုံး ကျဆင်းခဲ့ခြင်းဖြစ်ပါတယ်။ တရုတ်နိုင်ငံဟာ ပုံမှန်အားဖြင့် WTO မူဘောင်အရ သကြား တင်သွင်းကိုတာ တန်ချိန် ၁ ဒသမ ၉၄ သန်း သတ်မှတ်ထားပါတယ်။ ယခုနှစ် ဝယ်ယူမှုက အဲဒီကိုတာထက် ကျော်လွန်ပြီး၊ တန်ချိန် ၃ ဒသမ ၅ သန်း အထိ ရှိလိမ့်မယ်လို့ ဆိုပါတယ်။ Zhengzho မှာ ဇန်နဝါရီလပို့ရမယ့် သကြားဖြူဈေးက သုည ဒသမ ၅ ရာခိုင်နှုန်းကျဆင်းပြီး၊ တစ်တန် ယွမ် ၅၄၁၆ (ကန်ဒေါ်လာ ၈၅၈)ရှိခဲ့ပါတယ်။ ကြံတစ်တန် ယွမ် ၅၀၀ ဈေးပေါ်အခြေခံပြီး၊ သကြားထုတ်လုပ်မှု စရိတ်ဟာ တစ်တန် ယွမ် ၆၄၀၀(ကန်ဒေါ်လာ ၁၀၁၄)ရှိတယ်လို့ Manhua  ကြို ပွိုင့်မှ လေ့လာဆန်းစစ်သူ Wang  Jianferg   မှဆိုပါတယ်။ ဈေးနှုန်းထပ်မံကျဆင်းခြင်းမှ ကာကွယ်ဖို့ တရုတ်နိုင်ငံ အနေနဲ့ မကြာမီ မူဝါဒများ စတင်ဖွယ်ရှိတယ်လို့ နိုင်ငံတော် ဖွံ့ဖြိုးရေးနဲ့ ပြန်လည်ထူထောင်ရေးကော်မရှင်မှ ဒုတိယ ခေါင်းဆောင် Liu  Xiaonan  မှ ဆိုပါတယ်။ အစိုးရအနေနဲ့ အခြေခံဈေးတစ်တန် ယွမ် ၆၂၀၀ (ကန်ဒေါ်လာ ၉၈၀)နဲ့ စက်တင်ဘာလ ၂၀ ရက်မှစပြီး သန့်စင်ပြီး သကြားတန်ချိန် ၅ သိန်း သိုလှောင်သွားမယ်လို့ ဆိုပါတယ်။ အဲဒီအခြေခံ ဈေးနှုန်းဟာ နိုဝင်ဘာလပို့ရမယ့် ပြည်တွင်း သကြားကြိုပွိုင့် ဈေးထက် ၇ ဒသမ ၇ ရာခိုင်နှုန်း ပိုမိုသတ်မှတ်ထားတယ်လို့ ဆိုပါတယ်။              ယမင်းခင်၊Source: Bloomberg