Main menu

Background

ပြင်ပပေါက်ဈေးနှင့်ကွာဟနေသဖြင့် ပုဂ္ဂလိကဘဏ်များမှ အကန့်အသတ်ဖြင့်သာ ငွေလဲလှယ်ပေးလျက်ရှိ

Sun, 10/07/2012 - 07:18 -- Anonymous (not verified)

ဗဟိုဘဏ်မှ အများဆုံးအမေရိကန်ဒေါ်လာ တစ်သောင်းအထိ လဲလှယ်ခွင့်ပေးထားသော်လည်း ယခုအခါ တွင် ပုဂ္ဂလိက ဘဏ်များအနေဖြင့် အများဆုံးအမေရိကန်ဒေါ်လာ ၁၀၀၀ အထိသာ လဲလှယ်ပေးလျက်ရှိကြောင်း စုံစမ်းသိရှိရသည်။ ပြင်ငွေလဲ လှယ်နှုန်းနှင့် ပုဂ္ဂလိကဘဏ်များ၏ငွေလဲနှုန်းမှာ များစွာကွာဟနေသဖြင့် ယခုကဲ့သို့ အကန့်အသတ်ဖြင့်သာ ငွေလဲလှယ်ပေး နေရခြင်းဖြစ်ကြောင်း အာရှစိမ်းလန်းမှုဖွံ့ဖြိုးရေးဘဏ်မှ တာဝန်ရှိသူတစ်ဦး က ပြောသည်။

"အပြင်ဈေးနဲ့က ကွာဟနေတော့ နေ့တိုင်းလာရောင်းနေတဲ့သူတွေလည်းရှိနေတော့ အကန့်အသတ်နဲ့ ရောင်းပေးနေ တာ ပါ။ ဒါကလည်း ဗဟိုဘဏ်က သတ်မှတ်ပေးတာတော့မဟုတ်ဘူး။ စီးပွားရေးလုပ်တာတော့ မဟုတ်ပေမယ့် အရှုံးမများအောင် လုပ်တဲ့သဘောပါ" ဟု သမဝါယမဘဏ်မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ သမဝါယမဘဏ်သည် ယခုအခါ တွင် တစ်ကြိမ် လျှင် ဒေါ်လာတစ်ရာသာ လဲလှယ်ခွင့်ရှိကြောင်းသိရသည်။ယခုရက်သတ္တပတ်အတွင်း ဒေါ်လာဈေးသည် ပြင်ပဈေးကွက်တွင် နေ့စဉ်ဆက်တိုက် ကျဆင်းနေခဲ့မှုကြောင့် ဒေါ်လာ ပွဲစားများမှ ပုဂ္ဂလိကဘဏ်များတွင် လာရောက်ရောင်းချနေကြရာ နေ့စဉ် လူ ၁၅၀-၂၀၀ ခန့်ပင်ရှိနေကြောင်း အေဂျီဒီဘဏ်မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ အေဂျီဒီဘဏ်သည် လူတစ်ဦး တစ်နေ့လျှင် ဒေါ်လာ ၁၀၀၀ အထိ အရောင်းအဝယ် ပြုလုပ်ပေးလျက်ရှိကြောင်း သိရသည်။ပြင်ပဈေးကွက်တွင်ဒေါ်လာဈေးများ ဆက်တိုက်ကျဆင်းနေခဲ့ရာ ဘဏ်များ၏ငွေလဲနှုန်းနှင့်နှိုင်းယှဉ်ပါက ၁၅ကျပ်-၂၀ ကျပ်ခန့် လျော့နည်းနေသည်ကို တွေ့ရသည်။ အောက်တိုဘာ ၅ ရက်က ပြင်ပငွေဈေးကွက်တွင် ရောင်းဈေး ၈၃၉ ကျပ်၊ ဝယ်ဈေး ၈၃၈ ကျပ်သာရှိခဲ့ပြီး သိမ်ဖြူငွေလဲကောင်တာတွင် ရောင်းဈေး ၈၆၀ ကျပ်၊ ဝယ်ဈေး ၈၅၀ ကျပ်ဖြစ်ခဲ့သည်ကို တွေ့ရသည်။ ယင်းကဲ့သို့ ငွေဈေးကွာဟနေမှုကြောင့် ဒေါ်လာပွဲစားများသည် နေ့စဉ် ပြင်ပမှဒေါ်လာများကို ဝယ်ယူကာ ငွေလဲစင်တာများတွင် လာရောက်ရောင်းချလျက်ရှိကြကြောင်း သိရသည်။                                  မယ်သီတာ