ရန်ကုန်တောင်ပိုင်းခရိုင်မှာလည်း ကောက်စောစပါး လှိုင်လှိုင်ထွက်တော့မယ်

ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်တောင်ပိုင်းခရိုင်၊ ခရမ်းမြို့နယ်နှင့် သုံးခွမြို့နယ်များတွင် ၂၀၁၂-၂၀၁၃ ခုနှစ် ကောက်စော စပါးသစ်များ စတင်ထွက်ရှိနေကြောင်း သိရှိရသည်။  ၂၀၁၂-၂၀၁၃ စိုက်ပျိုး ရာသီတွင် မိုးစပါးကို ဈေးကွက်အမီ ဆောလျင်စွာ ထွက်ရှိပြီး နောက်သီးထပ်စိုက်ပျိုးခြင်းကို ရာသီမီစိုက်ပျိုးနိုင်ရေး အတွက် တောင်သူအများစုမှာ အခြောက်ကြဲစနစ်ကို ကျင့်သုံးပြီး သက်နုသက်လတ်စပါးများဖြစ်သော မနောသုခ၊ ရတနာတိုး၊ ပုသိမ်ရာကျော်၊ ရွှေဝါထွန်း၊ ကျွန်းရွှေဝါ၊ သက်နုဘေးကြား၊ ဆင်းသွယ်လတ်စသော အထွက် ကောင်းမျိုးများကို ရွေးချယ်စိုက်ပျိုးကြပါသည်။

ကောက်စောစပါးသစ်များ ထွက်ပေါ်လျက်ရှိသော ကျေးရွာများမှ တောင်သူများသည် စပါးသစ်ရိတ် သိမ်းပြီး ကောက် လှိုင်းများကို လယ်ကွင်းမှ ခြွေလှ့စက်ရှိရာသို့ သင့်တော်သည့်နည်းလမ်းသုံး၍ အချိန်မီခြွေလှေ့ပြီး နီးစပ်ရာ ဟာလာဆန် စက်များသို့ကြိတ်ခွဲနိုင်ရန် ဆောင်ရွက်ကြရပါသည်။ ပြည်ဟိန်းကျော်ရောင်းဝယ်ရေး ဆန်ဆိုင်မှလည်း ဆန်သစ်များကို လာ ရောက်ရောင်းချသော တောင်သူများထံမှဝယ်ယူ၍ ရန်ကုန် ဘုရင့်နောင်ပွဲရုံများသို့ ဆန်အိတ် ၁၀၀၀ ခန့် ဝယ်ယူတင်ပို့ပြီး ဖြစ်ကြောင်း သိရှိရပါသည်။ရန်ကုန်တိုင်း ခရမ်းမြို့နယ်တွင် ၂၀၁၂-၂၀၁၃ ခုနှစ် မိုးစပါးစိုက်ဧက ၁၁၂၂၈၄ ဧကစိုက်ပျိုးခဲ့ပြီး သုံးခွမြို့နယ်တွင် မိုးစပါးစိုက်ဧက ၁၄၇၇၈၃ ဧက စိုက်ပျိုးခဲ့ကြောင်း သိရှိရပြီး ယခုနှစ် စက်တင်ဘာလ ကုန်မှစတင်၍ စပါးသစ်ကောက်စော စပါးများ စတင်ထွက်ရှိလာနေပြီဖြစ်ပြီး အောက်တိုဘာလလယ်ပိုင်းမှစ၍ နောက်ပိုင်း ကာလများတွင် စပါးသစ်များလှိုင်လှိုင် ထွက်ရှိလာတော့မည်ဖြစ်ကြောင်း သတင်းရရှိပါသည်။                  သိန်းမြင့်-ခရမ်း