သရက်သီး မျိုးကောင်းမျိုးသန့်များ ထွက်ရှိရေးနဲ့ Export ဈေးကွက်မှာ ဈေးကောင်းရရှိစေရန် ဆွေးနွေးပွဲ ကို ကျောက်ဆည် မြို့နယ်၊ ဟံမြင့်မိုရ်ကျေးရွာ သင်းဒီးစိုက်ပျိုးပညာပေးစခန်းမှာ စက်တင်ဘာ ၂၉ ရက်က ကျင်းပပြုလုပ်ခဲ့ပါတယ်။
အဆိုပါဆွေးနွေးပွဲသို့ မြန်မာ့စိုက်ပျိုးရေးလုပ်ငန်း (မန္တလေးတိုင်းဒေသကြီး) နည်းပညာဌာနခွဲ ဦးစီးအရာ ရှိ ဒေါ်မြင့်မြင့်မေ၊ ခရိုင်မန်နေဂျာ၊ သရက်သီးအစုအဖွဲ့ဥက္ကဋ္ဌ ဒေါ်သန်းသန်းဆွေနဲ့ အမှုဆောင်များ၊ ဟံမြင့်မိုရ် ကျေးရွာအပါအဝင် အနီးကျေးရွာ များမှ တောင်သူများတက်ရောက်ကြပါတယ်။ ဆွေးနွေးပွဲမှာ သရက်သီးအစုအဖွဲ့ အမှုဆောင် ဦးကျော်ညွန့်က စိန်တလုံးမျိုးမှာ Export ဈေးကွက်ဝင် အသီးဖြစ်လို့ မျိုးထိန်းသိမ်းသင့်ကြောင်း၊ စိန်တလုံးစစ်မစစ်ကို တောင်သူများသိရှိပါကြောင်း၊ AFTA တွင် စီးပွားရေးပူးေ ပါင်းဆောင်ရွက်မှုများ လုပ်ဆောင်တော့မှာဖြစ်တဲ့အတွက် ပြည်ပတင်ပို့ရန် ဌာနတစ်ခုဖွင့်လှစ်ပြီဖြစ်ကြောင်း၊ ပိုးမွှားကင်းကြောင်း စစ်ဆေးမယ့်အဖွဲ့ဖွဲ့ပြီး မန္တလေးရုံးခွဲမှာ ဖွင့်လှစ်ဆောင်ရွက်မှာဖြစ်ကြောင်း၊ အရည်အသွေးရှိတဲ့ သရက်သီးများဖြစ်ပါက နိုင်ငံတကာတင်ပို့ရင် မန္တလေးမှာ ရုံးခွဲဖွင့်ပြီးဖြစ်လို့ စရိတ်စကလျော့ကျ သွားမှာဖြစ်ကြောင်းပြောကြားကာ အတွင်းရေးမှူး ကိုကျော်စိုးနိုင်က သရက်သီး ဈေးကောင်းရပြီး Export ဈေးကွက်ဝင်ရန် GAP လက်မှတ်လိုလာပြီဖြစ်ကြောင်း၊ GAP ရရှိနိုင်ရန် ယခုကတည်းက ကြိုတင် ပြင်ဆင်မှု များ ပြုလုပ်ထားသင့်ကြောင်း၊ ၂၀၁၃ ခုနှစ်မှာ မျိုးကောင်းမျိုးသန့်ရရှိဖို့ ဒေသတွင်းသစ်သီးပြပွဲ၊ ပြိုင်ပွဲများပြုလုပ်ရန် စီစဉ်နေကြောင်း ပြောကြားခဲ့ပါတယ်။ ဆက်လက်ပြီး မြန်မာ့စိုက်ပျိုးရေးလုပ်ငန်း ကျောက်ဆည်ခရိုင်မန်နေဂျာ ဦးလှမင်းက ပိုးမွှားဆိုင်ရာ အကြောင်းကို လည်းကောင်း၊ နည်းပညာဌာနခွဲ ဦးစီးအရာရှိ ဒေါ်မြင့်မြင့်မေက ဓာတုဆေးများ သုံးစွဲမယ့်အစား အီးအမ်ဘိုကာရှီ သဘာ၀ အရည်ဖြင့် သုံးစွဲရမယ့်နည်းပညာများအကြောင်းကို ရှင်းလင်းပြောကြားခဲ့ပါတယ်။ ထို့နောက် သရက်သီးအစု အဖွဲ့ဥက္ကဋ္ဌ ဒေါ်သန်းသန်းဆွေက သဘာဝပစ္စည်းများသုံးစွဲခြင်းဖြင့် ဝင်ငွေတိုးပြီး ထွက်ငွေလျော့မှာ ဖြစ်ကြောင်း၊ ၂၀၁၅ ခုနှစ် AFTA အတွက် တိုးတက်တဲ့အခြေအနေရောက်ရှိလာပြီး Export ဈေးကွက်တိုးလာပြီဖြစ်ကြောင်း၊ အစ္စရေး၊ အမေရိကန် နိုင်ငံများမှလည်း လာရောက်လေ့လာရန် ဆက်သွယ်ပေးထားကြောင်း၊ ဒါကြောင့် သရက်သီးအရည်အသွေးကောင်းတင်ပို့နိုင် ရေးယခုကတည်းက ပြင်ဆင်ထား သင့်ကြောင်း ပြောကြားခဲ့ပါတယ်။ ဇူးဇူး-မန္တလေး
