Main menu

Background

အိန္ဒိယဝယ်လိုအား ဆက်ရှိခဲ့လို့ ယခုတစ်ပတ်အတွင်း ပြည်တွင်းပဲဈေးတက်လာ

Sun, 10/14/2012 - 08:01 -- Anonymous (not verified)

ယခင် သီတင်းပတ်နှောင်းပိုင်းကနေစပြီး အိန္ဒိယအဝယ် တက်လာခဲ့လို့ ယခုတစ်ပတ်အတွင်း ပဲမျိုးစုံဈေး တိုးလာခဲ့ ပါတယ်။ အိန္ဒိယပွဲတော်များက အောက်တိုဘာလကုန်ပိုင်းနဲ့ နိုဝင်ဘာလမှာ ကျင်းပမှာဖြစ်လို့ ပွဲတော်အတွက် ဝယ်လိုအား တွေ ရှိနေတယ်လို့ ဆိုပါတယ်။ နောက်ပြီး ဒီပါဝလီပွဲတော်က ပုံမှန်ထက် ၁၈ ရက်ခန့်နောက်ကျခဲ့လို့ဒီကာလတွေမှာ အိန္ဒိယ အဝယ်ရှိနေခြင်းဖြစ်တယ်လို့ ကုန်သည်တစ်ဦးက ဆိုပါတယ်။

ဒါ့အပြင် အများပြည်သူဖြန့်ဝေရေးစနစ်အရ ပဲလျှော့ ဈေးနဲ့ ရောင်းချမယ့် ပဲတန်ချိန် ၄ သိန်းခန့်လည်း တင်သွင်းရ မယ်လို့ သတင်းတွေထွက်နေပါတယ်။ ဒီတစ်ပတ်အတွင်း ဘုရင့်နောင်ဈေးကွက်မှာ မတ်ပဲ SQ နဲ့ ပဲတီစိမ်းအဝယ် လိုက်ခဲ့တဲ့အတွက် မတ်ပဲတစ်တန် ကျပ် ၃ သောင်းကျော်၊ ပဲတီစိမ်း တစ်တန် ကျပ် ၂ သောင်းကျော်နဲ့ ပဲတီငုံကတော့ ကျပ်တစ်သောင်းခန့်သာ မြင့်တက်လာခဲ့ပါတယ်။ အိန္ဒိယနိုင်ငံမှာ ပဲစင်းငုံလက်ကျန် ပါးနေပေမဲ့ အာဖရိက ပဲစင်းငုံတွေ ဝင်လာနေလို့ ဝယ်ယူမှုပါးနေပြီး မတ်ပဲအနေနဲ့ လတ်တလောစားသုံးမှုအတွက် ဝယ်ယူနေခြင်းဖြစ်ပါတယ်။ လာမယ့်ရက်တွေမှာ အိန္ဒိယ မတ်ပဲအသစ်တွေ လှိုင်လှိုင်ဝင် လာရင်တော့ မြန်မာပဲစင်းငုံ တင်သွင်းမှုလျော့ကျဖွယ်ရှိပါ တယ်။ ပဲတီစိမ်းအနေနဲ့ အထွက် သိသိသာသာလျော့ကျတဲ့ အတွက် အိန္ဒိယမှာပင် ဈေးတွေမြင့်တက်နေပြီဖြစ်လို့ လာမယ့် ကာလတွေမှာ မြန်မာပဲတီစိမ်း ဝယ်လိုအား တက်လာဖွယ် ရှိပါတယ်။ ပဲတင်ပို့မှုအနေနဲ့ အောက်တိုဘာလ ၆ ရက်အထိ တစ်ပတ်အတွင်းမှာ မတ်ပဲတန်ချိန် ၁၁၀၀၀ ကျော်တင်ပို့ခဲ့လို့ ပြီးခဲ့တဲ့ တစ်ပတ်ထက် ပိုတင်ခဲ့သလို ပဲစင်းငုံလည်း တန်ချိန် ၂၀၀၀ ခန့်ပိုတင်နိုင်တာ တွေ့ရပါတယ်။ ဒါပေမဲ့ ပဲတီစိမ်းက တော့ ပြီးခဲ့တဲ့ တစ်ပတ်ထက် ထက်ဝက်ခန့်လျော့ကျခဲ့ တာ တွေ့ရပါတယ်။ ရန်ကုန် FOB ဈေးအနေနဲ့ ယခုတစ်ပတ် အတွင်း မတ်ပဲတစ်တန် ကန်ဒေါ်လာ ၂၀ ခန့် တိုးလာပြီး၊ ပဲတီစိမ်းမှာ ကန်ဒေါ်လာ ၄၀ ခန့်ထိ တိုးလာပေမဲ့ ပဲစင်းငုံမှာ ကန်ဒေါ်လာ ၁၀ ခန့်သာ တိုးလာတာ တွေ့ရပါတယ်။ လက်ရှိဘဏ္ဍာနှစ် အောက်တိုဘာလ ၅ ရက်နေ့အထိ ပဲမျိုးစုံစုစုပေါင်း တင်ပို့ပြီးစီးမှု တန်ချိန် ၉ သိန်းကျော်ခန့်ရှိပြီး၊ ရရှိတဲ့ဝင်ငွေမှာ ကန်ဒေါ်လာ သန်း ၅၀၀ ခန့်ရှိလို့ ပြီးခဲ့တဲ့ ဘဏ္ဍာနှစ် ကာလတူတင်ပို့ခဲ့တဲ့ တန်ချိန် ၈၇၀၀၀၀ ခန့်မှ ရရှိတဲ့ဝင်ငွေ ကန်ဒေါ်လာ ၇၂၆ သန်းနဲ့ယှဉ်ပါက ယခုနှစ်မှာ ပမာဏပိုမိုပေမဲ့ ဝင်ငွေလျော့ကျမှုရှိကြောင်း သက်ဆိုင်ရာ စာရင်းများအရ သိရပါတယ်။ မတ်ပဲထွက်ရှိရာ ဧရာဝတီတိုင်းဒေသကြီး၊ ဓနုဖြူ မြို့နယ်မှာ ပြီးခဲ့တဲ့ တစ်ပတ်အတွင်း ပဲပွဲရုံတစ်ခုမှာ ငွေကြေး အရှုပ်အရှင်းရှိခဲ့ကြောင်း သိရပါတယ်။ ဇူလိုင်လအတွင်း မတ်ပဲတစ်တန် ကျပ်၄၇၀၀၀၀ ကျော်မှ ကျပ် ၆ သိန်းအထက် ရောက်ရှိခဲ့ပြီး သြဂုတ်လမှာ ကျပ် ၆ သိန်းကျော်မှ ကျပ် ၅ သိန်းကျော်ကို ပြန်လည်ကျဆင်းကာ စက်တင်ဘာလမှာ ဆက်ပြီး၊ ကျပ် ၅ သိန်းအောက်ကို ရောက်ရှိခဲ့တဲ့အတွက် တစ်တန်ကျပ် တစ်သိန်းကျော်အဟ ဖြစ်ပေါ်ခဲ့ပါတယ်။ ဈေး နှုန်းအဟများခဲ့တဲ့အတွက် ပွဲရုံမှာ ရောင်းချဖို့ အပ်နှံထားတဲ့ ပဲများနဲ့ ပတ်သက်လို့ စာရင်းရှင်းလင်းနိုင်ခြင်းမရှိဘဲ ထွက်ပြေး တိမ်းရှောင်လျက်ရှိကြောင်း သိရပါတယ်။      ယမင်းခင်