Main menu

Background

အိန္ဒိယပဲတီစိမ်း အထွက်လျော့ကျဖွယ်ရှိလို့ ဈေးမြင့်တက် ဆောင်းပဲများ စတင်စိုက်ပျိုးလာ

Sun, 10/14/2012 - 08:11 -- Anonymous (not verified)

အိန္ဒိယနိုင်ငံ ပဲအဓိကစိုက်ပျိုးရာ ရာဂျက်စသန်နဲ့ မဟာရပ် ရှတရာပြည်နယ်တွေမှာ မုတ်သုံမိုးအစပိုင်းက မိုးရေမလုံလောက်လို့ အခြားသီးနှံကို ပြောင်းလဲစိုက်ပျိုးလာကြတဲ့အတွက် ပဲတီစိမ်းစိုက် ဧရိယာ သိသိသာသာ ကျဆင်းခဲ့ပါတယ်။ ဒါ့အပြင် မုတ်သုံနှောင်း ပိုင်းမှာ မိုးသည်းထန်တဲ့အတွက် စိုက်ပျိုးထားတဲ့ အပင်တွေ ပျက်စီး ခဲ့လို့ ရာဂျက်စသန်မှာ ပဲပင်တွေထိခိုက်ခဲ့ပါတယ်။ ဒါကြောင့် ပဲတီစိမ်းလက်ငင်းဈေးက အရည်အသွေးအကောင်းဆုံးပဲ တစ်တန် ရူပီး ၅၀၀၀၀ (ကန်ဒေါ်လာ ၉၄၉) ရှိပြီး၊ အလယ်အလတ်အဆင့် ပဲတီစိမ်းက ရူပီး ၄၂၀၀၀-၄၄၀၀၀ (ကန်ဒေါ်လာ ၇၉၇-၈၃၅) ဈေးရှိနေပါတယ်။ လွန်ခဲ့တဲ့ တစ်ပတ်အတွင်းမှာ လက်ငင်းဈေး တစ်တန် ရူပီး ၂၀၀၀-၃၀၀၀ (ကန်ဒေါ်လာ ၃၈-၅၇) အထိ ရောက်ရှိနိုင်တယ်လို့ ကုန်သည်များက ခန့်မှန်းကြပါတယ်။

မွန်ဘိုင်းနဲ့ ချန်နိုင်းဈေးကွက်တွေမှာ မတ်ပဲဝယ်လိုအား ရှိလာလို့ ယခုတစ်ပတ်မတ်ပဲဈေး အနည်းငယ် တိုးလာပါတယ်။ နိုင်ငံအတွင်း ပဲစိုက်ပျိုးရာဒေသအချို့မှာ မတ်ပဲအသစ်တွေ ဝင် ရောက်မှုရှိနေပေမဲ့ အသစ်ဝင်ရောက် မလာသေးတဲ့ ဒေသတွေက စားသုံးသူများက ပွဲတော်အတွက်အဝယ်ရှိလာလို့ ဈေးတက်လာ ခြင်း ဖြစ်ပါတယ်။ ပဲစင်းငုံဈေးမှာ ယခင်ရက်များအတွင်း ကျဆင်း ခဲ့ပေမဲ့ ပွဲတော်အတွက် ဝယ်လိုအားရှိလာလို့ ဈေးမြင့်တက်လာနိုင် တယ်လို့ ခန့်မှန်းကြပါတယ်။ သြစတြေးလျ၊ ရုရှား၊ ကနေဒါတို့က ပဲဝါလေးနဲ့ ပဲရာဇာတွေ အလုံးအရင်းနဲ့ဝင်ရောက်နေတဲ့အတွက်ယခင်ရက်များက ကုလားပဲ ဈေးအားပျော့နေပါတယ်။ ဒါပေမဲ့ ကုလားပဲကြိုပွိုင့် ရောင်းဝယ်မှု ပိတ်ပင်ဖွယ်ရှိတဲ့ သတင်းတွေအရ ယခုရက်ပိုင်းအတွင်း ကုလားပဲ ကြိုပွိုင့်ဈေးမြင့်တက်လာခဲ့ပါတယ်။ ဒါ့အပြင် ကုလားပဲ လက်ငင်း ဈေးကွက်တွေမှာ ပဲရရှိနိုင်မှုနည်းလို့ ရောင်းအားနည်းနေပြီး ဝယ်လိုအားများနေလို့ ဈေးတိုးလာနေတယ်လို့ ဆိုပါတယ်။ မိုးပဲ ရိတ်သိမ်းနေတဲ့ မဟာရပ်ရှတရာမှာ ဆောင်းပဲတွေ စတင်စိုက်ပျိုးနေပြီလို့ သိရပါတယ်။ ယင်းပြည်နယ် အတွင်း ကုလားပဲ ဟက်တာ ၅၇၃၀ ကျော်၊ အခြားပဲ ဟက်တာ ၈၀၁ စိုက်ပျိုးထားပြီးကြောင်း သိရပါတယ်။ အောက်တိုဘာလ ၁၁ ရက် မွန်ဘိုင်းဆိပ်ကမ်းကို ပဲဝါလေး တန် ၄ သောင်းကျော်နဲ့ ပဲနီလေး တန် တစ်သောင်း ဝင်ရောက်ခဲ့ပြီး ချန်နိုင်းဆိပ်ကမ်းကို တန်ဇန်းနီး ယားနဲ့ မာလာဝီပဲစင်းငုံ ကွန်တိန်နာ ၄၆ လုံး၊ ကင်ညာပဲတီစိမ်း ၉ လုံး၊ ကနေဒါ၊ အမေရိက၊ ရုရှား၊ ကုလားပဲကွန်တိန်နာ ၃၁ လုံး အသီးသီးဝင်ရောက်ကြောင်း သိရပါတယ်။ ပွဲတော်ကာလ နီးကပ်လာပြီဖြစ်လို့ လာမယ့်ရက်တွေမှာ ပဲဝယ်လိုအား မြင့်တက်လာပြီး ဈေးနှုန်း မြင့်တက်နိုင်တယ်လို့ ခန့်မှန်း ကြပါတယ်။ ယမင်းခင်