အောက်တိုဘာ ၁၄ရက်မှစတင်၍ မြန်မာပြည်အထက်ပိုင်း ဒေသတစ်ခုဖြစ်သည့် မန္တလေးမှပုဂံသို့ အပျော်စီး သင်္ဘော ပြေးဆွဲပေးသွားမည်ဖြစ်ကြောင်း သိရှိရသည်။
ယင်းခရီးစဉ်ကို Ayravata Cruises သင်္ဘောလိုင်းမှ ပြေးဆွဲပေးခြင်းဖြစ်ပြီး ပေါက္ကံအပျော်စီး သင်္ဘောဖြင့် ပြေးဆွဲပေးသွားမည်ဖြစ်သည်။ ယခုကဲ့သို့ ခရီးစဉ်သစ်အနေဖြင့် ပြေးဆွဲရခြင်း မှာ နိုင်ငံခြားသားခရီးသည်များအတွက် မြန်မာပြည်အထက်ပိုင်း၏ သဘာဝအလှများခံစားနိုင်စေရန် စီစဉ်ခြင်းဖြစ်ကြောင်း အဆိုပါကုမ္ပဏီမှ တာဝန်ရှိသူ တစ်ဦးက ပြောပြသည်။"အပျော်စီးသင်္ဘောဖြစ်တဲ့အတွက် အခန်းတိုင်းကလည်း ဟိုတယ်ဝန်ဆောင်မှုအားလုံး ခံစားရရှိနိုင်မှာပါ။ လမ်းခရီးစဉ်တစ်လျှောက်မှာလည်း ခရီးသည်တွေရဲ့ဆန္ဒနဲ့ လိုအပ်ရင် ဆိုက်ကပ်ပေးမှာဖြစ်သလို အထင်ကရ နေရာ တွေမှာလည်း ဆိုက်ကပ်ပေးဖို့ စီစဉ်ထားပါတယ်"ဟု ပြောသည်။ ယင်းအပျော်စီးသင်္ဘောတွင် နှစ်ယောက်ခန်း ၂၂ ခန်း ပါဝင်ဖွဲ့စည်းထားပြီး အခန်းဈေးနှုန်းများအား ကန်ဒေါ်လာ ၃၀၀ မှ ၄၀၀ အတွင်း သတ်မှတ်ထားသည်။
