မန္တလေးနဲ့ လားရှိုးရွှေဈေးကွက် ကွာခြားမှုကြောင့် လားရှိုးဈေးကွက်သို့ မှာယူမှုများ
ပြည်တွင်းရွှေဈေးကွက်မှာ တက်ဈေးနဲ့ ဈေးငြိမ်နေကြောင်း သိရပါတယ်။ ပြည်တွင်းရွှေဈေးနှုန်းမှာ ကမ္ဘာ့ရွှေဈေး အတက်အကျကြောင့် မြန်မာ့ရွှေဈေးမြင့်တက်လာကြောင်း၊ လတ်တလောမှာ တရုတ်နိုင်ငံဘက်သို့ တရားမဝင်ရောင်းချမှု ရှိနေခြင်းကြောင့် ရွှေ့ဈေးမြင့်တက်လာကြောင်း သိရပါတယ်။
လားရှိုးမြို့နဲ့ ပြောင်းရွှေ့ဖွင့်လှစ်တဲ့ ရွှေဆိုင်လုပ်ငန်းရှင်ကြီးတစ်ဦးက "တရုတ်ဘက်ကို အတုံးတွေသွားတာတော့ ရှိတယ်။ သေချာမသိပါဘူး။ ပြည်တွင်းကို ပြန်ဝင်တာလဲရှိပါတယ်။ လိုင်းကိုက်မှ ဟိုဘက်ကလည်း ဝယ်ယူတာပါ။ ဟိုဘက်ကအဝယ်များရင် ရွှေဈေးမြင့်မှာပါပဲ။ အဝင်များရင် ဈေးကျမှာပါပဲ။ ခုကဈေးမြင့်နေတော့ ပြန်ထွက်နေပါတယ်။ တရားမဝင်ထွက်တာလားဆိုတော့ သေချာ မသိပါဘူး။ အထည်လိုင်းကတော့ သီတင်းကျွတ်ကာလမို့ အရောင်းအဝယ် ရှိပါတယ်။ ရွှေကို အော်ဒါမှာယူမှုလည်းရှိပြီး၊ အီတလီကဝင်တဲ့ ပလက်တီနမ် ဝယ်ယူမှုလည်းပိုပါတယ်။ ခုနှစ်ပိုင်းမှာ ပလက်တီနမ်ရွှေကို တော်တော်လေး အဝယ်လိုက်လာပါတယ်"လို့ ပြောပါတယ်။ မန္တလေးနဲ့ လားရှိုးရွှေဈေးနှုန်းမှာ ဈေးနှုန်းကွာခြားမှုရှိကြောင်း သိရပါတယ်။ မန္တလေးဈေးကွက်မှာ ရွှေဈေး ၇၈၄၅၀၀ ကျပ်ရှိချိန် လားရှိုးဈေးကွက်မှာ ၇၇၀၀၀၀ ကျပ်ဈေးဖြင့် ဈေးလျှော့ပြီး အပြိုင်အဆိုင် ရောင်းချကြောင်း၊ ဈေးကွက်ကျဉ်းပြီး လျှော့ရောင်းခြင်းကြောင့် မုံရွာ၊ မြင်းခြံ၊ စစ်ကိုင်းစတဲ့ နယ်မြို့များမှလည်း မှာယူမှုရှိကြောင်း သိရပါ တယ်။ ကမ္ဘာ့ရွှေဈေးနှုန်းကျဆင်းပါက မြန်မာ့ရွှေဈေးနှုန်းမှာ တစ်နှစ်ပတ်လုံး ဈေးတက်ခဲ့သမျှ ယခုလကုန်ပိုင်းမှာ ပြန်လည်ကျဆင်းလေ့ရှိခြင်းကြောင့် ရွှေဈေးပြန်ကျနိုင်တယ်လို့ ရွှေဆိုင်ရှင်များက သုံးသပ်ကြကြောင်းသိရပါတယ်။ဇူးဇူး-မန္တလေး
