Main menu

Background

မျှော်လင့်ချက် " ပဲ "

Sun, 10/21/2012 - 07:21 -- Anonymous (not verified)

၂၀၁၁ ခုနှစ်ကစပြီး၊ မြေပဲကို ပြည်ပကိုတရားဝင် တင်ပို့ခွင့်ပြုခဲ့ပါတယ်။ တရားဝင်တင်ပို့ခွင့်နဲ့အတူ မြေပဲ အများ အပြားကို ပြည်ပကို တင်ပို့ရောင်းချမှုကြောင့် တောင်သူတွေဈေးကောင်းရခဲ့ပါတယ်။ ဒါကြောင့် ဒီနှစ်မှာ မြေပဲစိုက်ပျိုးမှု ပိုခဲ့ပါတယ်။ ဖြစ်ချင်တော့ အညာမှာ မိုးလယ်ပိုင်းမိုးတော်တော်နည်းခဲ့ပါတယ်။ သြဂုတ်လကုန်လောက်မှ မိုးကိုစမြင်ရတာပါ။ ဒါကြောင့် မိုးဦး၊ မိုးလယ်စိုက်မဲ့ သီးနှံများမစိုက်နိုင်တော့ပဲ မြေပဲကိုသာ စိုက်ရပါတော့တယ်။ ဒါကြောင့် မန္တလေးတိုင်းဒေသကြီး တစ်ခုလုံးကိုကြည့်ရင် မိုးမြေပဲလျာထားချက်က ၂၁၃၇၂၂ ဧကဖြစ်ပါတယ်။ စက်တင်ဘာလ ကုန်အထိ ၂၄၇၀၈၆ ဧက စိုက်ပြီးကြောင်း သိရပါတယ်။ လျာထားချက်ထက် ဧက ၃၃၀၀၀ ကျော်ပိုစိုက်နိုင်ခဲ့တာပါ။ ဒါပေမယ့် မြေပဲစိုက်ပျိုးမှုက အောက်တိုဘာလထဲမှာလဲ ဆက်စိုက်နေတာ တွေ့ရပါတယ်။ တစ်နှစ်လုံးမှာ မန္တလေးတိုင်းဒေသကြီးအနေနဲ့ စိုက်ဧက ၃၈၀၀၀၀ ကျော်စိုက် တာပါ။ ဒီနှစ်မှာတော့ မိုးဆောင်းပေါင်းရင် စိုက်ဧက ၄၀၀၀၀၀ ကျော်မယ်လို့ မှန်းဆရပါတယ်။ အထွက်နှုန်းကတော့ အခု မိုးလေဝသအခြေအနေက ဥ ဖက်ကို အားသန်မယ်လို့ မှန်းကြပါတယ်။ ပိုးမကျအောင်တော့ ဂရုစိုက်ရမယ်လို့ တောင်သူတွေက ဆိုပါတယ်။

ပဲတီစိမ်းကို တောင်သိပ်မစိုက်ပဲ မြေပဲကိုသာ စိုက်တာများပါတယ်။ မနှစ်က ပဲအားလုံး ဈေးနည်းပေမယ့် မြေပဲဈေးက တောင်သူအတွက် အဆင်ပြေခဲ့လို့ မျှော်လင့်ချက် " ပဲ " လို့ ခေါ်ရတာပါ။ လက်ရှိကုန်စည်ဒိုင် ပေါက်ဈေးက မြေပဲဆန် တစ်ပိဿာကို S1 လုံးဆန်၂၂၀၀ ကျပ် -၂၂၅၀ကျပ်၊M တွဲဆန် ၂၁၅၀ကျပ် - ၂၁၇၀ ကျပ်၊ နွားထိုးဆီဆန် ၂၀၅၀ ကျပ်နဲ့ တပ်ကုန်းဆီဆန် ၁၈၅၀ ကျပ် - ၁၉၀၀ ကျပ်ဖြစ်ပါတယ်။ မြေပဲဆီစက်သမား တွေက မြေပဲဆန်တွေ တရုတ်ဖက်ကို အများအပြားရောင်းချနေလို့ ပြည်တွင်းဆီကြိတ်ခွဲမှုမှာ ထိခိုက်တယ်။ မြေပဲဈေးကြီးမြင့်တယ်လို့ ပြောကြပါတယ်။ ဒီကိစ္စက ကုန်ထုတ်လုပ်မှု စရိတ်၊ မြေပဲစိုက်စရိတ်နဲ့ အထွက်နှုန်းပေါ်မှာ အဓိကတည်မှီတာပါ။ လက်ရှိမြေပဲက ၄၀ တင်း - ၅၀ တင်းဘဲထွက်ပါတယ်။ ဒီလောက်ဘဲ ထွက်ရာကနေ တင်း ၆၀ - ၈၀ - ၁၀၀ စသည်ဖြင့် ထွက်တဲ့မျိုးတွေကိုသာ စိုက်ပျိုးထုတ် လုပ်နိုင်ရင်တောင်သူရော ဆီစက်သမားတွေပါ ကောင်းပါလိမ့်မယ်။ ဒါကြောင့် အထွက်ကောင်းတဲ့ မြေပဲမျိုးတွေကို ဘယ်သူ တွေကများဖြန့်ဖြူးမလဲလို့ တောင်သူတွေက စောင့်မျှော်နေကြောင်း တင်ပြလိုက်ရပါတယ်။          မျိုးသူ - မန္တလေး