ယခုနှစ် ကိုးလတာ ကာလအတွင်း ပုဂံဒေသသို့ ပြည်ပခရီးသွားဧည့်သည် လေးသိန်းဝန်းကျင်ဝင်ရောက်ခဲ့

ပွင့်လင်းမြင်သာသော မြန်မာ့နိုင်ငံအရေး အပြောင်းအလဲများကြောင့် မြန်မာ့ခရီးသွားလုပ်ငန်းမှာ တစ်ဟုန်ထိုး တိုးတက် ကောင်းမွန်လာခဲ့ပြီး ယခုနှစ် ကိုးလတာကာလအတွင်း ပြည်ပခရီးသွားဝင်ရောက်မှုမှာ လေးသိန်းဝန်းကျင် ဦးရေရှိပြီဖြစ်ကြောင်း သိရသည်။

ပုဂံဒေသသည် ယဉ်ကျေးမှုအမွေ အနှစ်များကို လေ့လာလိုသူများကို အဆွဲဆောင်နိုင်ဆုံး နေရာဒေသတစ်ခုဖြစ်သည်။ ပုဂံဒေသတွင် ယခုနှစ် ခရီးသွားရာသီ၌ ကမ္ဘာလှည့်ခရီးသွားများကို ဆွဲဆောင်နိုင်ရန်အလို့ငှာ ဘော်ဘူး (BOB) စီးခြင်း၊ ဧရာဝတီမြစ်အလှကို ခံစားလိုသူများအတွက် Road to Mandalay  သင်္ဘော၊ RV ပေါက်ကံ (၁) (၂)၊ အိတ်ဇော သုဂေါ၊ အမရာ၊ ပုဂံမင်းသမီး စသည့်သင်္ဘောများ ပြင်ဆင်ထားရှိပေးပြီး၊ ပုဂံအလှ ရှုခင်းများကို ကြည့်ရှုလိုသူများအတွက် ပုဂံမြင်း လှည်း (ရထားလုံး) များကိုလည်းစီစဉ် ပေးထားသည်။ယခင် ၂၀၁၁ ခုနှစ်က မြန်မာနိုင်ငံသို့ ကမ္ဘာလှည့်ခရီးသွားဦးရေ ရှစ်သိန်းကျော်ဝင်ရောက်ခဲ့ရာ ပုဂံဒေသသို့သွားရောက် သူမှာ သုံးသိန်းဝန်းကျင်ခန့်သာရှိခဲ့ပြီး ယခုနှစ်တွင်မူ ကိုးလတာကာလအတွင်း လေးသိန်းဝန်းကျင်ခန့်ထိ ဝင်ရောက်ခဲ့သည်။    ပုဂံ-ညောင်ဦးဒေသသို့ ပြင်သစ်၊ ဂျာမနီ၊ အင်္ဂလန်၊ စပိန်၊ အီတလီအစရှိသည့် ဥရောပနိုင်ငံများမှ ခရီးသွား ဧည့်သည်များ ဝင်ရောက်မှုမှာအများဆုံးဖြစ်ပြီး အရှေ့တောင်အာရှအိမ်နီးချင်းနိုင်ငံများမှလည်း သွားရောက်လေ့လာလည်ပတ်ကြသည်။