နိုင်ငံတကာမှာ ကုန်သည်ကြီးများနဲ့ စက်မှုလုပ်ငန်းရှင်များအသင်းဟူ၍ ဖွဲ့စည်းဆောင်ရွက်နေခြင်း ရှိကြောင်း၊ မောင်တောနယ်စပ်ကုန်သည်အသင်းရဲ့အမည်ကိုက မောင်တောနယ်စပ်ကုန်သွယ်ရေး လုပ်ဆောင်တဲ့ အသင်းဖြစ်ကြောင်း၊ မောင်တောဒေသရှိပစ္စည်းများကို ထုတ်လုပ်ရောင်းချခြင်းမဟုတ်ဘဲ အခြားဒေသများက လာတဲ့ပစ္စည်းများကိုသာ ကော်မရှင်စားနဲ့ တင်ပို့လုပ်ကိုင်နေတာတွေ့ရကြောင်း၊ ထုတ်လုပ်မှုအပိုင်းတိုးတက်အောင် အသင်းသားများပူးပေါင်းလုပ်ဆောင်ကြဖို့လိုအပ်ကြောင်း၊ ဈေးကွက် စီးပွားရေးစနစ်အရ အရောင်းသွက်မဲ့ ပစ္စည်းများကို စိုက်ပျိုးမွေးမြူထုတ်လုပ်နိုင်ဖို့၊ အကျိုးအမြတ်များမဲ့ Value Added ပြုလုပ်တင် ပို့ရောင်းချနိုင်ဖို့ ရေရှည်ကိုကြည့်ပြီး အယူအဆလုပ်ရပ်များကို ပြောင်းလဲဖို့ လိုအပ်နေပြီဖြစ်ကြောင်းကို လည်း ပြည်နယ်မန်နေဂျာဦးစိုးပိုင်က အောက်တိုဘာ ၇ ရက်ကပြုလုပ်တဲ့ မောင်တောနယ်စပ်ကုန်သွယ်မှုမြှင့်တင်ရေး အစည်းအဝေးမှာ ပြောကြားခဲ့တယ်လို့သိရပါတယ်။
ယနေ့ကာလဟာ ယခင်နဲ့မတူဘဲပြောင်းလဲလျက်ရှိကြောင်း၊ ကုန်သွယ်မှုတိုးမြှင့်ရေးလုပ်ကိုင် ဆောင် ရွက်နေကြသော်လည်း တိုးတက်လာတာကိုမတွေ့ရကြောင်း၊ ပြောင်းလဲမှုတိုင်းမှာ နာကျင်မှုပါလာစမြဲ ဖြစ်ကြောင်း၊ တစ်စုံတစ်ရာမှားယွင်းနေခြင်း၊ လိုအပ်မှုများရှိနေခြင်းတို့ကြောင့်ဖြစ်ကြောင်း၊ ရခိုင်ပြည်နယ် မြန်မာ့လယ်ယာထွက် ကုန်ပစ္စည်းရောင်းဝယ်ရေးမှ ပြည်နယ်မန်နေဂျာ ဦးစိုးပိုင်က ပြောကြားခဲ့တာ ဖြစ်ပါတယ်။ရောင်းသူဈေးကွက်ဖြစ်အောင် ကုန်စည်ဒိုင်များဖွဲ့စည်း၍ စည်းမျဉ်းစည်းကမ်းအတိုင်း ညီညွတ်စွာ လုပ်ကိုင်ကြရန် လိုအပ်ကြောင်း၊ ၂၀၁၅ မှာ ASEAN Free Trade Area စတင်တော့မှာဖြစ်တဲ့အတွက် ယခုကတည်းက ကြိုတင်ပြင်ဆင်ထားကြရန်လိုအပ်ကြောင်း၊ ကုန်သည်လုပ်ငန်းရှင်များ ပြုပြင်ပြောင်း လဲလုပ်ကိုင် ဆောင်ရွက်နိုင်တာနဲ့ အမျှ ကုန်သွယ်မှုတိုးတက်လာမယ်လို့လည်း ပြည်နယ်မန်နေဂျာက အသိပေးပြောကြားခဲ့တာဖြစ်ပါတယ်။ Source: နကသ(မောင်တော) MIRT (DOBT)