Main menu

Background

စင်ကာပူနိုင်ငံမှ ဟင်းသီးဟင်းရွက် သစ်သီးဝလံနဲ့ ရေထွက်ကုန်ဝယ်ယူလိုသူများ မြန်မာ့သစ်သီးဝလံများ ဝယ်ယူဖို့ လာရောက်လေ့လာ

Mon, 10/29/2012 - 05:21 -- Anonymous (not verified)

စင်ကာပူနိုင်ငံ လယ်ယာထွက်ကုန် စားသောက်ကုန်နဲ့ တိရစ္ဆာန်ရောဂါကာကွယ်ရေးအာဏာပိုင်အဖွဲ့(AVA) အမှုဆောင်အရာရှိ ဦးဆောင်တဲ့ သစ်သီးဝလံ၊ ဟင်းသီး ဟင်းရွက်နဲ့ ရေထွက်ကုန်များဝယ်ယူလိုတဲ့အဖွဲ့ဝင် ၄၆ ဦးဟာ အောက်တိုဘာလ ၈ ရက်မှ ၁၂ ရက်အတွင်း မြန်မာနိုင်ငံသို့ လာရောက်ပြီး၊ မြန်မာနိုင်ငံ ဟင်းသီးဟင်းရွက်နဲ့ သစ်သီးဝလံ၊ ပန်းမန်စိုက်ပျိုးထုတ်လုပ်သူများနဲ့ တွေ့ဆုံခဲ့ကြောင်း သိရပါတယ်။

ယင်းအဖွဲ့ဟာ ရန်ကုန်မြို့အနီးတစ်ဝိုက်ရှိ သစ်သီးဝလံ၊ ပန်းမန်စိုက်ခင်းများအား သွားရောက်လေ့လာကြပြီး၊ မာလာ မြိုင်ကုမ္ပဏီမှ စိုက်ပျိုးထားတဲ့ အချို့သီးနှံများကိုလည်း ဝယ်ယူ ဖို့ သဘောတူညီခဲ့ကြောင်း သိရပါတယ်။ မာလာမြိုင်ကုမ္ပဏီဟာ နိုဝင်ဘာ ၁၇ - ၁၈ ရက်မှာ စင်ကာပူ နိုင်ငံမှာ မြန်မာ့သီးနှံပြပွဲပြုလုပ်ဖို့ စီစဉ်နေစဉ် စင်ကာပူအဖွဲ့မှလာရောက်လေ့လာ ဆွေးနွေးခဲ့တဲ့အတွက် စင်ကာပူမှာ ပြသမယ့် ပြပွဲအစီအစဉ်ကို ဖျက်သိမ်းခဲ့ပါတယ်။ ဒါပေမယ့် ကုမ္ပဏီအနေနဲ့ ပြည်တွင်းစိုက်ပျိုးထုတ်လုပ်တဲ့ တောင်သူတွေရဲ့ သီးနှံအချက်အလက်စာရင်းများ ဆက်လက် ကောက်ယူနေပြီး၊ ပြည်ပ ဝယ်ယူလိုသူများနဲ့  ချိတ်ဆက် ဈေးကွက် ရှာဖွေပေးသွားမယ်လို့လည်း မာလာမြိုင် ကုမ္ပဏီမှ တာဝန်ရှိသူက ပြောပါတယ်။ ပြီးခဲ့တဲ့ တစ်ပတ်အထိ အင်းလေးဘက်မှ ခရမ်းချဉ်သီး စိုက်ပျိုးသူ၊ ပျဉ်းမနားဘက်မှ မျှစ်၊မျှစ်ချဉ်၊ တောင်ကြီးမှ ကညွတ်စိုက်ပျိုးသူများမှလည်း ယင်း ကုမ္ပဏီကို ဆက်သွယ်လာကြောင်း သိရပါတယ်။ စင်ကာပူနိုင်ငံဟာ ၎င်းရဲ့လိုအပ်တဲ့ သစ်သီးဝလံပန်းမန်နဲ့ ဟင်းသီးဟင်းရွက် ၉၀ ရာခိုင်နှုန်းကို ပြည်ပနိုင်ငံများမှ တင် သွင်းနေရတာဖြစ်ပါတယ်။ ယခုလာရောက်တဲ့အဖွဲ့မှ ကျွဲကောသီး၊ ငရုတ်သီး၊ သရက်သီး၊ ပန်းမန် စတာတွေ ဝယ်ယူသွားမှာဖြစ်လို့ နိုဝင်ဘာလကစပြီး၊ မြန်မာ့သစ်သီးဝလံ များကို စင်ကာပူ နိုင်ငံတစ်ဝန်းရှိ ကုန်တိုက်များမှာ တွေ့ရှိရ တော့မှာ ဖြစ်ကြောင်း၊ ရာသီအလိုက်ထွက်ရှိတဲ့ သီးနှံတွေကို လည်း ဆက်လက် တင်ပို့နိုင်ဖို့ စီစဉ်သွားမယ်လို့ မာလာမြိုင် ကုမ္ပဏီမှပြောပါတယ်။                      ယမင်းခင်