ဆန်သစ်ပေါ်ဦးပေါ်ဖျား ကုန်ရှား၍ တင်လိုအားလျော့နည်းချိန် တန်ဆာခ ဈေးနှုန်းများ ကျဆင်းနေ
ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့ ကုန်စည်ပို့ဆောင်ရေးကဏ္ဍမှာ ဆန် သစ်များ ဈေးကွက်ကို ပေါ်ဦးပေါ်ဖျား ဝင်ရောက်လာချိန် ဆန်လက်ကျန် အဟောင်း ဈေးကွက်မှာလည်း ဈေးနှုန်း မကိုက်လို့ ရန်ကုန်ကို တင်လိုအား လျော့နည်းနေပြီး စပ်ကူးမတ်ကူးကာလ ကုန်ပျောက်သွားတာကြောင့် ယခင် ဆန်တန်ဆာခ တစ်အိတ် ၄၀၀ ကျပ် - ၄၅၀ ကျပ်မှ ယခုအချိန် ဆန်တစ် အိတ် တန်ဆာခနှုန်းထားမှာ ၂၅၀ ကျပ် - ၃၀၀ ကျပ်ကို ဈေးနှုန်းကျဆင်းလျက် ရှိကြောင်း ပုသိမ်မြို့၊ ကုန်စည်ပို့ဆောင် ရေးကားဂိတ်များမှ သိရပါတယ်။
ပုသိမ်-ရန်ကုန် ကုန်ကားများမှ အိတ်ရေ ၁၇၀ - ၁၈၀ တင်ဆောင်ပြီး ယခင်တန်ဆာခ ၄၀၀ ကျပ် - ၄၅၀ ကျပ်နဲ့ အသွားတစ်ကြောင်းကို ၇၀၀၀၀ ကျပ်-၈၀၀၀၀ ကျပ် ဝင်ငွေရရှိမှသာ တွက်ခြေကိုက်ပြီး၊ ယခုကုန်ရှားချိန် ဆန် တစ်အိတ်ကို တန်ဆာခ ၂၅၀ ကျပ် - ၃၀၀ ကျပ်ဈေးကျဆင်းပြီး၊ ၄၀၀၀၀ ကျပ် - ၅၀၀၀၀ ကျပ် ပတ်ဝန်းကျင်သာ ရရှိတာကြောင့် တွက်ခြေမကိုက်လို့ ကုန်ကားအများစုမှာ ရပ်နားထား ကြောင်း၊ ယခင် ပုသိမ်-ရန်ကုန် ကုန် ကား ၁၀ စီးပတ်ဝန်းကျင် ထွက်ရှိရာမှ ယခုအချိန် ကုန်ကားအစီးရေ နှစ်စီး - သုံးစီးခန့်သာထွက်ရှိကြောင်း ကားဂိတ် မှ သိရပါတယ်။ကုန်ကားများနဲ့ ကုန်စည်ပို့ဆောင် ခဈေးနှုန်းမှာ ပြောင်းပြန် အချိုးကျပြီး၊ ကုန်ရှားရင် တန်ဆာခဈေးနှုန်းများ ကျ ဆင်းပြီး၊ ကုန်ပေါရင် တန်ဆာခ ဈေး နှုန်းမြင့်တက်ကြောင်း ကုန်တင်ယာဉ် ပိုင်ရှင်များမှလည်း စပါးလှိုင်လှိုင်ပေါ် မယ့် နိုဝင်ဘာ၊ ဒီဇင်ဘာလများမှာ လုပ်ငန်းများ၊ ပြန်လည်ကောင်းမွန်လာ မယ်လို့ မျှော်လင့်ကြောင်းသိရပါတယ်။မင်းမင်းဦး-ပုသိမ်
