ကနီမြို့နယ်က ပြည်ပဈေးကွက်ဝင်မဲ့ သဘာ၀ 'တောထန်းဥ'
"တရုတ်ပြည်တောလား" လို့ဆိုရလောက်အောင် တရုတ်ဈေးကွက်ကိုဝင်တဲ့ သဘာဝသစ်ပင် သစ်ဥသစ်ဖုတွေဟာ အညာဒေသတွေမှာ ပေါကြွယ်ဝလျက်ရှိပါတယ်။ ပြည်ပဈေးကွက်ဝင် သဘာဝထွက်ကုန်တွေထဲက အမယ်သစ် တစ်မျိုးအဖြစ် တောထန်းဥတွေကို ယခုအခါ ကနီမြို့နယ်က သင်းကန်တောတိုက်နယ်မှာ တူးဖော် ထုတ်လုပ်လျက် ရှိတယ်လို့သိရပါတယ်။
တောထန်းဥကို အဓိကတူးဖော်ထုတ်လုပ်တဲ့ဒေသကတော့ ကနီမြို့နယ်က ရွာသူရွာသားတွေဖြစ်ကြပြီး သင်းကန်တော တိုက်ဒေသရှိ သဘာဝတောထဲမှာ ရှာဖွေတူးဖော်ကြတာဖြစ်ပါတယ်။ သလင်းရွာမှာ တောထန်းဥ တူးဖော်သူ ၂၅ ဦးခန့်ရှိပြီး၊ စုဆောင်းဝယ်ယူပြီး ထပ်ဆင့်တင်ပို့သူ ၁၀ ဦးခန့်ရှိပါတယ်။ ထုတ်လုပ်မှုအနေနဲ့ သဘာ၀ အလျောက်ပေါက်နေတဲ့ တောထန်းပင် များရဲ့ အမြစ်များမှာရှိတဲ့ဥကို တူးဖော်စုဆောင်းရပါတယ်။ တူးဖော်သူတစ်ဦးဟာ တစ်ရက်ကို တောထန်းဥ ၃ ဒသမ ၅ ပိဿာမှ ၄ ပိဿာခန့်ရရှိပြီး၊ အစိုဝယ်ဈေးမှာ တစ်ပိဿာ ၁၃၀၀ ကျပ်မှ ၁၅၀၀ ကျပ်ခန့်ရှိတဲ့အတွက် တစ်ဦးတစ်ရက်ဝင်ငွေ ၅၀၀၀ ကျပ်မှ ၆၀၀၀ ကျပ်ရတယ်လို့ဆိုပါတယ်။ အဆိုပါ တောထန်းဥအစိုကို စုဆောင်းဝယ်ယူသူတွေက ဈေးကွက်ဝင်သန့်စင်ပြီး တောထန်းဥအခြောက်ရဖို့ ပြုပြင်ရပါ တယ်။ တောထန်းဥ အစိုများကို သံထယ်ပြားများဖြင့် မီးအပူပေးကာလှော်ပြီး အခြောက်ပြုလုပ်ရပါတယ်။ အစိုတစ်ပိဿာကို လှော်ပြီး အခြောက်လုပ်ရင် ၂၅ ကျပ်သားရတယ်လို့ဆိုပါတယ်။ ထိုသို့အခြောက်ပြု လုပ်ပြီး တောထန်းဥများကို မန္တလေးဈေး ကွက်ကို တင်ပို့ရောင်းချတဲ့အခါ တစ်ပိဿာ ၉၀၀၀ ကျပ်မှ ၁၀၀၀၀ ကျပ်ခန့်ရတဲ့ အတွက် ဝယ်/ရောင်းသမားတွေအနေနဲ့လည်း အစိုတစ်ပိဿာ ၁၀၀၀ ကျပ်ခန့်အမြတ်ကျန်လို့ အရည်အတွက်များ သလောက် အကျိုးအမြတ်ရနိုင်တယ်လို့ဆိုပါတယ်။ ရောင်းဝယ်မှုအနေနဲ့ ဒေသခံပွဲစားတွေက တောထန်းဥ အခြောက်ပိဿာ ၁၀၀၀ ခန့် စုဆောင်းရရှိပါက မန္တလေးဈေး ကွက်ကို တင်ပို့ရောင်းချကြတယ်လို့ ဆိုပါတယ်။ သင်းကန်တောတိုက်ဒေသကနေ လစဉ် တောထန်းဥ အခြောက်ပိဿာ ၁၀၀၀၀ ခန့်ထွက်ရှိတယ်လို့ ဒေသခံလုပ်ငန်းရှင်တွေကပြောပါတယ်။ ထုတ်လုပ်နိုင်တဲ့ ကာလအနေနဲ့ မိုးတွင်းကာလ တော် သလင်း၊ သီတင်းကျွတ်ကာလများမှာသာ အလုပ်ဖြစ်ပြီး ဒေသခံဝယ်ရောင်း သမားတွေက ပစ္စည်းစုဆောင်းပြုပြင်ကာ မန္တလေး ဈေးကွက်ကို တင်ပို့ခြင်းဖြစ်ပါတယ်။ အဆိုပါကုန်သည်တွေရဲ့ ပြောစကားအရ ဂျင်စင်းမြစ်နဲ့ အာနိသင်တူလို့ အားဆေးဖော်ထုတ် ဖို့ တရုတ်ပြည်က အဝယ်ရှိတဲ့အတွက် အခုလို ဒေသထွက်ကုန်ဈေးကွက်ဝင် အမယ်သစ်တစ်မျိုးဖြစ် လာကြောင်းသိရပါတယ်။ ထွန်းလှိုင်-မုံရွာ
