၂၀၁၃ ဆန်တင်ပို့ဖို့ ထိုင်းနိုင်ငံက ထိရောက်တဲ့ ဈေးကွက်ဗျူဟာစီစဉ်

ကမ္ဘာ့ထိပ်တန်း ဆန်တင်ပို့သူအဖြစ် နှစ်ပေါင်း ၂၅ နှစ်ကြာရယူထားရာမှ အိန္ဒိယနဲ့ ဗီယက်နမ်တို့ကြောင့် ၎င်းင်းနေရာ ကျဆင်းတဲ့အတွက် ၂၀၁၃ မှာ ထိပ်တန်းနေရာပြန်လည်ရရှိဖို့ အဓိကဈေးကွက်များအတွင်း ထိုင်းဆန်ထိရောက်စွာ တိုးမြင့်နိုင် ရေးထိုင်းနိုင်ငံက စီစဉ်နေတယ်လို့ သိရပါတယ်။ ထိုင်းနိုင်ငံဟာ ၂၀၁၁ မှာ တန်ချိန် ၁၀ ဒသမ ၇ သန်းဝန်းကျင် တင်ပို့မှုနဲ့ အတူ ထိပ်တန်းတင်ပို့သူဖြစ်ခဲ့ပေမယ့် အစိုးရရဲ့ ဆန်အပေါင်ခံအစီအစဉ်က ဆန်ဈေးကို ပိုမိုလာစေပြီး၊ နိုင်ငံတကာ ဈေးကွက် မှာ ထိုင်းဆန်က ယှဉ်ပြိုင်နိုင်ခြင်းမရှိဖြစ်ခဲ့ရပါတယ်။

ယခုနှစ် ထိုင်းနိုင်ငံရဲ့ လစဉ်ဆန်တင်ပို့မှုက ပြီးခဲ့တဲ့နှစ်ထက် ၄၀-၄၅ ရာခိုင်နှုန်းဝန်းကျင် လျော့နည်းခဲ့ပါတယ်။ ယခုနှစ် ဆန်တန်ချိန် ၇ ဒသမ ၃ သန်းခန့် တင်ပို့နိုင်မယ်ခန့်မှန်းထားရာမှ လာမယ့်နှစ်မှာ စုစုပေါင်းဆန်တင်ပို့မှုက ၁၆ ဒသမ ၅ ရာခိုင်နှုန်းပိုမိုပြီး၊တန်ချိန် ၈ ဒသမ ၅ သန်းထိရှိမယ်လို့ထိုင်းနိုင်ငံ ပြည်ပကုန်သွယ်ရေးဌာန (FTD) မှ ခန့်မှန်းထားပါတယ်။ ဆန်တင်ပို့ခြင်းမှ ရရှိတဲ့ တန်ဖိုးကလည်း ၂၀၁၂ မှာ ကန်ဒေါ်လာ ၄ ဒသမ ၉၄ ဘီလီယံရှိရာမှ ၁၅ ရာခိုင်နှုန်းတိုးပြီး၊ ၂၀၁၃ မှာ ကန်ဒေါ်လာ ၅ ဒသမ ၇ ဘီလီယံထိရှိမယ်လို့လည်း ခန့်မှန်းထားပါတယ်။ ရောင်းချမှုတည်ငြိမ်ပြီး၊ ထိရောက်တဲ့ မြှင့်တင်မှုတွေကြောင့် လာမယ့်နှစ်မှာ ဆန်တင်ပို့မှု တိုးတက်မယ်လို့ FTD ညွှန်ကြားရေးမှူးချုပ်မှ ပြောကြားပါတယ်။ အစိုးရအချင်းချင်း ကုန်သွယ်မှုနဲ့ အာဆီယံနိုင်ငံများကို ဆက်ပြီး ရောင်းချသွားမှာ ဖြစ်ပြီး၊ တရုတ်၊ အာဖရိက၊ အရှေ့အလယ်ပိုင်း၊ အီးယူနဲ့ အမေရိကန်တို့မှာ ထိုင်းဆန်တင်ပို့မှုမြှင့်တင် ဖို့ ကုန်သွယ်ရေးအဖွဲ့များ လည်း စီစဉ်သွားမယ်လို့ဆိုပါတယ်။ ထိုင်းနိုင်ငံအနေနဲ့ အဲဒီနိုင်ငံအားလုံးရဲ့ ကွဲပြားတဲ့ ဝယ်လိုအားကို ဖြည့်ဆည်းဆောင်ရွက် ပေးနိုင်တဲ့ တစ်ခုထဲသော နိုင်ငံဖြစ်တယ် လို့လည်း ၎င်းကဆိုပါတယ်။ ထိုင်းစံပယ်ဆန်တင်ပို့မှုက ဟောင်ကောင်နဲ့ စင်ကာပူမှာ တိုးတက်မှာဖြစ်ပါတယ်။ ထိုင်းဆန်မြှင့်တင်မှုကို အီး-မီဒီယာ၊ CNN ၊ CCTV နဲ့ CNBC  အပါအဝင် ပုံနှိပ်မီဒီယာတို့မှလည်း ဆောင်ရွက်သွားမယ်လို့ ၎င်းက ဆိုပါတယ်။လဝန်း၊Source: oryza.com