Main menu

Background

အိန္ဒိယပဲအထွက်လျော့ပေမဲ့ ပဲတင်သွင်းမှုလျော့ကျနေ မိုးပဲတီစိမ်း အထွက်လျော့ကျခြင်းက ဈေးနှုန်းမြင့်တက်စေနိုင်

Sun, 11/18/2012 - 05:28 -- Anonymous (not verified)

ပုံမှန်အနေနဲ့ အိန္ဒိယမှာ ၂ နှစ်ဆက်တိုက် ပဲအထွက်လျော့ ကျခြင်းဟာ အိန္ဒိယရဲ့ ပဲတင်သွင်းမှု ကို မြင့်တက်စေမှာဖြစ်ပေမဲ့ ယေဘုယျခန့်မှန်းချက်နဲ့ လွဲချော်ပြီး၊ ဒီနှစ်ရဲ့ ပဲလက်တွေ့ တင်သွင်း ဝင်ရောက်မှုက ဒီဘဏ္ဍာနှစ်ဆန်း ဧပြီလကစပြီး အတော်လေး လျော့ကျနေပါတယ်။ ဒီနှစ် ဧပြီလမှ စက်တင်ဘာလအထိ ပထမ ၆ လအတွင်း ပဲမျိုးစုံတင်သွင်းမှုက တန်ချိန် ၁၂ သိန်းခန့် သာ ရှိခဲ့ပါတယ်။ ၂၀၁၁ ဧပြီလမှ စက်တင်ဘာလအတွင်း တင်သွင်း ခဲ့တဲ့ တန်ချိန် ၁၄ ဒသမ ၇ သိန်း၊ ၂၀၁၀ ကာလတူ တင်သွင်းမှု တန်ချိန် ၁၃ သိန်းတို့ထက် ဒီနှစ်တင်သွင်းမှု ပမာဏ ကျဆင်းခဲ့ပါ တယ်။

ဆောင်းပဲဝင်ရောက်ဖို့က လများများ လိုနေပါသေးတယ်။ ကမ္ဘာ့တောင်ဘက်ခြမ်းမှာ ပဲအထွက် မြင့်တက်မယ်လို့ ယေဘုယျ ခန့်မှန်းထားခြင်းနဲ့အတူ နောင်နှစ်ပထမ ၃ လ အတွင်းမှာ ပဲမျိုးစုံနဲ့ ဆီထွက်သီးနှံဈေးနှုန်းတွေ သိသိသာသာ ပြောင်းလဲဖွယ်ရှိတယ်လို့ ခန့်မှန်းကြပါတယ်။ ဆောင်းပဲစိုက်ပျိုးမှု က နောက်ဆုံးရတဲ့ စာရင်း တွေအရ ဟက်တာ ၄ ဒသမ ၅ သန်းပြီးစီးပြီဖြစ်လို့ ပြီးခဲ့တဲ့နှစ် ကာလတူစိုက်ပျိုးမှု ဟက်တာ ၃ ဒသမ ၆၉ သန်းထက် ၂၂ ရာခိုင် နှုန်း ပိုမိုတယ်လို့ သိရပါတယ်။ အဓိကစိုက်ပျိုးမှု ပိုမိုတာက တော့ အင်ဒရာပရာဒေ့ရှ်မှာ ကုလားပဲစိုက်ပျိုးမှုက ပြီးခဲ့တဲ့ နှစ်ထက် ၈၀ ရာခိုင်နှုန်း ပိုမိုနေပြီး၊ ရာဂျက်စသန်မှာလည်း ၆၅ ရာခိုင်နှုန်း ပိုမို စိုက်ပျိုးထားတယ်လို့ သိရပါတယ်။ လက်ရှိနှုန်းအတိုင်း စိုက်ပျိုးမှု ပိုမိုပြီး၊ရာသီဥတုကလည်း သင့်တော်မယ်ဆိုရင် အိန္ဒိယရဲ့ ပဲအထွက် က နောက်နှစ်မှာ စံချိန်တင်မယ်လို့ ခန့်မှန်းကြပါတယ်။ လက်ရှိဈေးကွက်မှာတော့ ဒီပါဝလီပိတ်ရက်တွေကြောင့် ဈေး ကွက်တော်တော်များများက ပိတ်ထားပြီး အချို့ဈေးကွက်တွေမှာ လည်း အရောင်းအဝယ်ပါးတယ်လို့ သိရပါတယ်။ ပဲစင်းငုံအနေနဲ့ ဝယ်လိုအားကျဆင်းပြီး အဝယ်နည်းတဲ့အတွက် ဈေးဆက်ပြီး ကျနေရာပြီးခဲ့တဲ့ တစ်ပတ်ထက် ရူပီး ၁၀၀၀ (ကန်ဒေါ်လာ ၁၈) ခန့် ကျဆင်းခဲ့တယ်လို့ သိရပါတယ်။ ပြီးခဲ့တဲ့ ရက်ပိုင်းက ပွဲတော် အတွက် အဝယ်ရှိလို့ မတ်ပဲဈေးမာနေရာမှ ယခုတစ်ပတ်မှာတော့ အရောင်းအဝယ်ငြိမ်ပြီးဈေးပြန်လျော့တယ်လို့ သိရပါတယ်။ ပဲတီစိမ်းကတော့ ဒေသတွင်းက ဝင်ရောက်မှုလျော့ပြီး တင်သွင်းပဲ ဈေးမြင့်လို့ ပြီးခဲ့တဲ့ တစ်ပတ်အတွင်းမှာ ရူပီး ၄၀၀၀ (ကန်ဒေါ်လာ ၇၃) ခန့်မြင့်တက်လာခဲ့ပါတယ်။ ယခုနှစ် မိုးပဲတီစိမ်းအထွက် ကျဆင်းတဲ့အတွက် ပဲတီစိမ်းဈေးက မြင့်တက်နိုင်တယ်လု့ိ ခန့်မှန်း ကြပါတယ်။ ကုလားပဲအနေနဲ့ ပဲအဝင်လျော့ကျပြီး အဝယ်ရှိနေလို့ ဈေးမြင့်တက်လာတယ်လို့ သိရပါတယ်။ နိုင်ငံတကာ ပဲထုတ်လုပ်မှုအနေနဲ့ ကနေဒါနိုင်ငံရဲ့ ပဲထွက်ရှိမှု က ယခုနှစ် စိုက်ဧရိယာပိုလို့ ပြီးခဲ့တဲ့နှစ်ထက် ၅ ရာခိုင်နှုန်းတိုးပြီး တန်ချိန် ၄ ဒသမ ၇၇၈ သန်းထွက်မယ်လို့ ခန့်မှန်းထားပါတယ်။ ပဲလုံးနဲ့ ပဲရာဇာ ဝယ်လိုအား ကောင်းတဲ့အတွက် ပြည်ပတင်ပို့မှု မြင့်တက်နိုင်တယ်လို့ ခန့်မှန်းကြပါတယ်။ အလားတူအမေရိကန် ပဲရာဇာစုစုပေါင်း ထုတ်လုပ်မှုကလည်း ပြီးခဲ့တဲ့နှစ်ထက် ၁၁ ရာခိုင် နှုန်းပိုပြီး တန်ချိန် ၃၂၈၃၂၀ ထွက်မယ်လို့ ခန့်မှန်းထားပါတယ်။ စိုက်ဧရိယာ ၉ ရာခိုင်နှုန်းခန့် တိုးတက်ခြင်းအပြင် အထွက်နှုန်းမှာ လည်း ပြီးခဲ့တဲ့ နှစ်ထက်ပိုပြီး တစ်ဧကကို ၁၁၆၈ ပေါင် (တန်ချိန် သုည ဒသမ ၅၃) ထွက်ခဲ့တယ်လို့ သိရပါတယ်။    ယမင်းခင်