Main menu

Background

အိန္ဒိယ ဒီပါဝလီပွဲတော်အပြီး ကုန်သည်များ ဈေးထိန်းဝယ်လို့ ပြည်တွင်းပဲအရောင်းအဝယ်အေး ဈေးဆက်ပြီးလျော့

Sun, 11/18/2012 - 05:35 -- Anonymous (not verified)

ဒီတစ်ပတ်အတွင်း မြန်မာနိုင်ငံရဲ့ပဲဖောက်သည် အိန္ဒိယ မှာ ဒီပါဝလီပွဲတော်ရှိလို့ အရောင်းအဝယ်တန့်နေခဲ့သလို ပွဲတော်အပြီးမှာလည်း ဝယ်လက်တွေ ထိန်းဝယ်နေကြတဲ့ အတွက် အရောင်းအဝယ်အေးပြီး ဈေးနှုန်းမှာလည်း ဆက် လက်ကျဆင်းတယ်လို့ သိရပါတယ်။ မတ်ပဲအနေနဲ့ ပြီးခဲ့တဲ့ ရက်ပတ် ဈေးထက် တစ်တန် ကျပ်တစ်သောင်း ဝန်းကျင်ကျ ဆင်းခဲ့ပြီး ဝယ်လက်တွေက ပမာဏအနည်းငယ်စီ ဝယ်လိုက်၊ ပြန်ရပ်လိုက်လုပ်နေ လို့ ရောင်းလက်တွေကလည်း စောင့်ကြည့် နေတဲ့ အနေအထားရှိနေတယ်လို့ သိရပါတယ်။ ပဲတီစိမ်းက တော့ ပုံမှန်လေးအရောင်းအဝယ်ရှိနေလို့ တစ်တန် ကျပ် ၇၅၀၀၀၀ အထက်ဈေးမှာ တန်းနေတယ်လို့ သိရပါတယ်။

ပဲစင်းငုံကတော့ ပြီးခဲ့တဲ့သီတင်းပတ်တွေလိုဘဲ အရောင်း အဝယ်အေးစက်နေတယ်လို့ သိရပါတယ်။ ပြည်တွင်းလက် ကျန်နည်းနေလို့ ပဲစင်းငုံက အလားအလာကောင်းမယ်လို့ ပြီးခဲ့တဲ့လပိုင်းတွေကခန့်မှန်းခဲ့ပေမဲ့လက်တွေ့မှာတော့ ဒီကာလ အရောင်းအဝယ် အပါးဆုံးပဲဖြစ်နေတယ်လို့ ကုန်သည်တစ်ဦး က ဆိုပါတယ်။ အိန္ဒိယမှာလည်း ပဲစင်းငုံအထွက်လျော့တယ် ဆိုပေမဲ့ အာဖရိကပဲစင်းငုံတွေ ဝင်နေတာရယ်၊ ပဲဝါလေးတွေ ပမာဏများများ သွင်းနေတာတွေကြောင့် ပဲစင်းငုံက ထင် သလို ဖြစ်မလာဘဲ အိန္ဒိယမှာရော၊ မြန်မာမှာပါ ဝယ်လိုအား နည်းပြီး ဈေးကျနေပါတယ်။ အရောင်းအဝယ်ပါးပေမဲ့ နိုဝင်ဘာလ ၁၀ ရက်အထိ တစ်ပတ်အတွင်း တင်ပို့မှုကတော့ ပဲအားလုံး တိုးတက်လာ တာ တွေ့ရပါတယ်။ ပဲတစ်မျိုးချင်း လက်ရှိဘဏ္ဍာနှစ် တင်ပို့မှု ကို လေ့လာကြည့်ရင် နိုဝင်ဘာလ ၉ ရက်အထိ မတ်ပဲတန် ချိန် ၄ သိန်းကျော်တင်ပို့ထားခြင်းမှ ကန်ဒေါ်လာ ၂၃၅ သန်း ခန့် ရရှိထားလို့ ပြီးခဲ့တဲ့ ဘဏ္ဍာနှစ် ကာလတူတင်ပို့ခဲ့တဲ့ မတ်ပဲ တန်ချိန် ၄၅၀၀၀၀ ကျော် (ကန်ဒေါ်လာ ၃၇၈ သန်း)နဲ့ ယှဉ်ရင်တန်ချိန် ၅ သောင်းကျော်လျော့ကျပြီး ဝင်ငွေမှာ ကန် ဒေါ်လာ ၁၄၀ သန်းကျော်လျော့နည်းတာ တွေ့ရပါ တယ်။ ပဲတီစိမ်းမှာလည်း တန်ချိန် ၁၆၅၀၀၀ ကျော်တင်ပို့ခြင်းမှ ကန်ဒေါ်လာ ၁၂၅ သန်းသာ ရရှိလို့ ပြီးခဲ့တဲ့နှစ် တင်ပို့ခဲ့တဲ့ တန်ချိန် နှစ်သိန်းကျော်၊ ကန်ဒေါ်လာ ၁၉၉ သန်းနဲ့ယှဉ်ရင် တန်ချိန် ၄ သောင်းကျော်လျော့ကျပြီး ဝင်ငွေမှာလည်း ကန်ဒေါ်လာ သန်း ၈၀ ကျော်လျော့ကျတယ်လို့ သိရပါ တယ်။ ပဲစင်းငုံတင်ပို့မှုကတော့ ယခုနှစ်မှာ တန်ချိန် ၂ သိန်းကျော်ရှိပြီး ကန်ဒေါ်လာ  ၁၂၄ သန်းခန့်ရရှိလို့ ပြီးခဲ့တဲ့နှစ် ကာလတူတင်ပို့ခဲ့တဲ့ တန်ချိန် ၁၄၄၀၀၀ ကျော်၊ ကန်ဒေါ်လာ ၉၁ သန်းနဲ့ယှဉ်ရင် ပမာဏအားဖြင့် တန်ချိန် ၅ သောင်း ကျော်ပိုမိုပြီး ဝင်ငွေမှာလည်း ကန်ဒေါ်လာ သန်း ၃၀ ကျော် ပိုမိုကြောင်း သိရပါတယ်။ ပဲခူး၊ ဧရာဝတီနဲ့  စစ်ကိုင်းတိုင်းဒေသကြီးဘက်မှာ ဆောင်းပဲများ စိုက်ပျိုးလျက်ရှိနေပြီဖြစ်ပေမဲ့ မိုးစပါးအပြီး ပဲစိုက်ဖို့ပြင်နေတဲ့ ဧရာဝတီအချို့ဒေသတွေမှာ အစိုဓာတ် လျော့နေတယ်လို့ သိရပါတယ်။                                ယမင်းခင်