စားဖိုဆောင်သုံးသီးနှံဖြစ်တဲ့ ကြက်သွန်နီဟာ ဈေးမြောက်လာတယ်လို့ ပြော ရမှာပါ။ အောက်တိုဘာလဆန်းပိုင်းမှာ ထိပ်စတစ်ပိဿာ ၇၀၀ ကျပ်၊ ၇၅၀ ကျပ်၊ အလတ်စ ၆၀၀ ကျပ်၊ အောက်စ ၄၅၀ ကျပ်၊ ၅၅၀ ကျပ် ကနေ နောက်ပိုင်းမှာ ထိပ်စ တစ်ပိဿာ ၁၀၀၀ ကျပ်၊ ၁၀၅၀ ကျပ်၊ အလတ်စ ၉၀၀ ကျပ်၊ အောက်စ ၇၀၀ ကျပ်ကို ဈေးမြောက်လာတာတွေ့ရပါတယ်။ နယ်ကနေ ဒိုင်အဝင်တွေကို ကြည့်ရင် နေ့စဉ်ပိဿာချိန် သောင်းချီပြီး ဝင်ပါတယ်။ လေးသောင်းကျော်ဝင်တဲ့ နေ့တစ်နေ့ပါပြီး၊ နှစ်သောင်းပတ်လည်နေ့စဉ်ဝင်တာတွေ့ရပါတယ်။ ဒါပေမဲ့ ဝင်လာ တဲ့ကြက်သွန်နီတွေမှာ ကြက်သွန်နီထိပ်စက အဝင်ရဲ့ ၃ ပုံ ၁ ပုံတောင် မရှိတာ တွေ့ရပါတယ်။ အောက်တိုဘာလကနေ ခုချိန်ထိ အဝင်စုစုပေါင်း ပိဿာချိန် ၄ သိန်းခွဲခန့်ရှိပြီး၊ အထွက်အနေနဲ့ကတော့ ရန်ကုန်ကို ပိဿာချိန် နှစ်သိန်းနီးပါး၊ မန္တလေးကို လေးသောင်းနီးပါး ရှိပါတယ်။ ဒီတော့မြို့ပေါ်မှာ အတော်များများ လက်ကျန်ရှိနေမယ်လို့ တွက်ဆရပါတယ်။ ဈေးတစ်ပတ်လည်မှာလည်း အခွံကျွတ် ကြက်သွန်တွေရဲ့ အရည်အသွေးကိုလိုက်ပြီး တစ်ပိဿာ ၅၀၀ ကျပ်၊ ၆၀၀ ကျပ် နဲ့ရောင်းနေတာကို တွေ့ရပါတယ်။ မြင့်ဦး-ပခုက္ကူ
Background