စစ်ကိုင်းမြို့နယ် ဒီပဲယင်းခွဲရွာက စိန်တလုံးသရက် ၂၀၁၃ အတွက်စာချုပ်ပြီ

စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့နယ် ဒီပဲယင်းခွဲ ကျေးရွာအနေနဲ့ ပြည်ပဈေးကွက်ဝင် စိန်တလုံး၊ ရွှေဟင်္သာ၊ ရင်ကွဲစတဲ့ မျိုးကောင်းသရက်များကို စီးပွားဖြစ်စိုက်ပျိုးထုတ်လုပ်ခဲ့ကြရာ ယခုအခါ စိုက်ဧက ၃၀၀၀ ကျော်ရှိပြီလို့ သိရပါတယ်။ အဆိုပါ ဒေသအနေနဲ့ ယခင်က သရက်သီးပေါ်ချိန်မှာ မူဆယ်ဈေးကွက်ကို ကိုယ့်အစီအစဉ်နဲ့ကိုယ် တင်ပို့ရောင်းချနေခဲ့ရာမှ ယခုအခါ စစ်ကိုင်းတိုင်းဒေသကြီး သစ်သီးဝလံပန်းမန်နဲ့ ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချသူများအသင်း ဖွဲ့စည်းပြီးသွား တာနဲ့အညီ အဆိုပါဒေသမှ သရက်တောင်သူကြီးများ မှာ အသင်းဝင်ရောက်ခဲ့ကြသလို အခြားမန္တလေး၊ ရန်ကုန်အသင်းကြီးများ နဲ့ ချိတ်ဆက် ဆွေးနွေးခွင့် ရခဲ့ကြလို့ ဈေးကွက်ဗဟုသုတ ပိုမိုကျယ်ပြန်လာခဲ့တယ်လို့ ဒီပဲယင်းခွဲရွာက တိုင်းအသင်းအမှုဆောင် ဖြစ်သူ ဦးကျော်မြင့်က ပြောပါတယ်။

ဦးကျော်မြင့်အနေနဲ့ သူစိုက်ပျိုးထားတဲ့ သရက်ခြံမှ လာမယ့်နှစ် သစ်သီးပေါ်ချိန်အတွက် Seven  Tigers ကုမ္ပဏီနဲ့ ချိတ်ဆက်ကာ သရက်သီး တန် ၂၀၀ ရောင်းဖို့ ကြိုတင်စာချုပ်ပြီးပြီလို့ဆိုပါတယ်။ ပေးသွင်းရမယ့် သစ်သီးအလေးချိန်နဲ့ ဈေးနှုန်းကတော့ သရက်သီးတစ်လုံး ၂၅၀-၃၀၀ ဂရမ်တစ်တန်ကို ကျပ် ၇၀၀၀၀၀ နှုန်း၊ တစ်လုံး ၃၆၀-၄၅၀ ဂရမ်ထိ တစ်တန်ကို ၉၀၀၀၀၀ ကျပ်နှုန်းနဲ့ တစ်လုံး ၄၅၀ ဂရမ်အထက် သရက်သီးများကိုတော့ ဈေးနှုန်းသီးသန့်သတ်မှတ်မယ်လို့ ဆိုပါတယ်။ သစ်သီးပေါ်ချိန်မှာ ရောင်းသူက ကျောက်ဆည် ရှိ ကုမ္ပဏီသိုရုံသို့ အရောက်ပေးပို့ရမှာဖြစ်ပြီး၊ ပစ္စည်းအပ်ငွေချေ စနစ်နဲ့ အရောင်းအဝယ်စာချုပ် ချုပ်ဆိုခဲ့တယ်လို့ လေ့လာသိရှိရပါတယ်။                             ထွန်းလှိုင်-မုံရွာ