Main menu

Background

ပြည်ပဲဈေးကွက်မှာ မတ်ပဲနဲ့ ပဲတီစိမ်း ဈေးလျော့သွားပေမယ့် ပဲပုပ်နဲ့ ဘိုကိတ်သီးနှံဈေးငြိမ်နေ

Mon, 11/26/2012 - 07:14 -- Anonymous (not verified)

ပဲခူတိုင်းဒေသကြီး၊ ပြည်ပဲဈေးကွက်မှာ ယခုနိုဝင်ဘာ စတုတ္ထပတ်အတွင်း မတ်ပဲနဲ့ ပဲတီစိမ်းသီးနှံများမှာ တစ်တင်း ၁၀၀၀ ကျပ်ခန့် ဈေးပြန်လျော့သွားခဲ့ပြီး၊ ပဲစင်းငုံနဲ့ ကုလားပဲ အမျိုးအစားများကတော့ တစ်တင်း ၅၀၀ ခန့် ဈေးလျော့သွား ခဲ့ပါတယ်။ မတ်ပဲကိုမျိုးသမားများက တစ်တင်း ၁၆၀၀၀ ကျပ် နဲ့ အရည်အသွေးကောင်းပဲများ ဝယ်ယူခဲ့ကြသလို ရန်ကုန် ဝယ်လက်ကတော့ တစ်တင်း ၁၃၈၀၀ ကျပ်နဲ့သာ ဈေးလျော့ အဝယ်ရှိပြီး၊ တစ်ရက်အိတ် ၂၅၀ ခန့် ပုံမှန်အရောင်းအဝယ် ဖြစ်ခဲ့ပါတယ်။

ပဲတီစိမ်းမှာ ပဲဝင်ရောက်မှုများလာပြီး၊ ကံမ၊ ပန်းတောင်း မှ အိတ် ၆၀၀ ကျော်အထိ ဝင်ရောက်ခဲ့ပါတယ်။ ယခင်အပတ် ကထက်ပဲအရည်အသွေးအနည်းငယ်ကျဆင်းလာပြီး ရန်ကုန်၊ မန္တလေးဝယ်လက်ကလည်းဈေးလျော့ဝယ်ယူကြတာကြောင့် တစ်တင်းကို ထိပ်စ ၂၁၅၀၀ ကျပ်၊ အလတ်စ တစ်တင်း ၂၀၅၀၀ နဲ့သာ အရောင်းအဝယ် ဖြစ်ခဲ့တာကို တွေ့ရပါတယ်။ ဘိုကိတ်ပဲသစ်များ ပန်းတောင်း၊ ကံမမြို့နယ်များမှ နေ့စဉ် အိတ် ၅၀ ကျော်ဝင်ရောက်လျက်ရှိပြီး၊ ဒေသတွင်း လက်လီသမားအဝယ်ရှိသလို ရန်ကုန် ဝယ်လက်များလည်း အဝယ်ရှိတာကြောင့် တစ်တင်း ၁၇၀၀၀ ကျပ်နဲ့ ယခင်အပတ် ကအတိုင်း ဈေးငြိမ်အရောင်းအဝယ်ဖြစ်လျက်ရှိပါတယ်။ ကုလားပဲသီးနှံကတော့ ယခင်အပတ်က မျိုးပဲအဝယ် ရှိသော်လည်း ယခုတစ်ပတ်မှာတော့ ဒေသတွင်း ခွဲစက်သမား များသာ အဝယ်ရှိပြီး၊ တစ်တင်း ၁၉၇၀၀ ကျပ်နဲ့ တစ်ရက် အိတ် ၂၀၀ ပုံမှန်အရောင်းအဝယ်ဖြစ်ခဲ့ ပါတယ်။ ပဲပုပ်သီးနှံမှာ လက်ကျန်အသင့်အတင့်ရှိခဲ့သော်လည်း ရန်ကုန်ဝယ်လက်အဝယ်မရှိဘဲဒေသတွင်း လက်လီသမားများ သာ အရောင်းအဝယ်ဖြစ်ခဲ့တာကြောင့် တစ်တင်း ၂၃၀၀၀ ကျပ်နဲ့သာ အရောင်းအဝယ်အေး သလို ဈေးလည်းငြိမ်နေခဲ့ တယ်လို့ သိရပါတယ်။ခင်ဆွေဝင်း - ပြည်