Main menu

Background

မူဆယ်-မန္တလေး ကုန်စည်ပို့ဆောင်ရေး အတက်အဆင်း နည်းပါးနေ

Fri, 11/30/2012 - 05:32 -- Anonymous (not verified)

ယခုရာသီချိန်ခါမှာ မူဆယ်-မန္တလေးကုန်စည်ပို့ဆောင်ရေး များပြားရပေမဲ့ လည်း ကုန်အတက် အဆင်းနည်းတဲ့အတွက် ကုန်အနည်းငယ်သာ သယ်ဆောင် နေကြကြောင်း သိရပါတယ်။

မန္တလေးမြို့ရှိ ကုန်စည်ပို့ဆောင်ရေးဂိတ်ပိုင်တစ်ဦးက "ခါတိုင်း ဒီအချိန်ဆို ကုန်ပို့ဆောင်မှုအရမ်းများတာ၊ ရာသီပေါ်သီးနှံထွက်ချိန်ဆိုတော့ ကုန်ဖြိုင်ဖြိုင်ထွက် နေကျ၊ ခုက ခပ်ထိုင်းထိုင်းဖြစ်နေတာ၊ အတက်ကုန်က နည်းနည်းပါးပါး တင်ရ ပေမယ့် အဆင်းကုန်က မရှိသလောက်နည်းနေလို့ အောက်မှာကားမရှိဘဲ အပေါ် မှာကားတွေ ပုံနေတယ်။ ဆန်၊ ပြောင်းပို့ရပေမယ့် အရင်လောက်ကြီး မများဘူး။ အရင်က ၁၀၀ ရာခိုင်နှုန်းပို့ရရင် ခုက ၂၅ ရာခိုင်နှုန်းလောက်ပဲ ပို့ရတယ်။ အဆင်း ကုန်မှာဆိုအရင်ကမြေဆီနဲ့ လူသုံးကုန် တအားဝင်နေတာ။ ခုကမြေဆီလည်း အဝင် နည်းနေတယ်။ အရင်က ၁၀၀ ရာခိုင်နှုန်းဝင်နေရင် အခုက ၄၀ ရာခိုင်နှုန်းလောက်ပဲ အဝင်ရှိတယ်"လို့ပြောပါတယ်။ ကုန်စည်ပို့ဆောင်ရာမှာ အတက်ကုန်ထက် အဆင်းကုန် ပိုပြီးနည်းနေခြင်း ကြောင့် အဆင်းကားများစောင့်ပြီး ပစ္စည်းတင်နေရကြောင်း၊ အဆင်းကုန်မရသ လောက်နည်းနေကြောင်းသိရပါတယ်။ အတက်ကုန်များမှာ ဆန်၊ ပြောင်း၊ ပဲ၊ နှမ်း၊ ရော်ဘာနဲ့ ပရဆေးများတင်ပို့မှုရှိပြီး၊ ယခုတစ်ပတ်မှာ ဖရဲသီးများ စတင်တင်ပို့ နေရပြီဖြစ်ပါတယ်။ အဆင်းကုန်များမှာ မြေဆီ၊ လူသုံးကုန်၊ စက်ပစ္စည်းများ အဝင် ရှိကြောင်း သိရပါတယ်။ ယခုတစ်ပတ် အတက်ကုန်ဈေးမှာ ကုန်တစ်ပိဿာ ကျပ် ၇၀ ရှိပြီး၊ အဆင်းကုန်ဈေးမှာ ပေါက်ဈေးမရှိဘဲ ကုန်ရတဲ့အပေါ် မူတည်ပြီး ဈေးနှုန်း သတ်မှတ်တင်နေရကြောင်း သိရပါတယ်။                ဇူးဇူး-မန္တလေး