Main menu

Background

အိန္ဒိယပဲ အထွက်လျော့ကျခြင်းကြောင့် ဈေးနှုန်းမြင့်တက်လာနိုင်

Mon, 12/03/2012 - 04:25 -- Anonymous (not verified)

ယခုနှစ်စပိုင်းမှာ အနောက်တောင်မုတ်သုံမိုးရွာသွန်းမှု နည်းတာကြောင့် အိန္ဒိယပဲထုတ်လုပ်မှု ကျဆင်းနိုင်တယ်လို့ Commodity  Online သတင်းအရ သိရပါတယ်။ ဒါကြောင့် လက်ငင်းရော ကြိုပွိုင့်ဈေးကွက်မှာပါ မြင့်တက်နိုင်တယ်လို့ ခန့်မှန်းကြပါတယ်။ မိုးရာသီပဲထုတ်လုပ်မှုက ပြီးခဲ့တဲ့ နှစ်ထက် ၁၅ ရာခိုင်နှုန်းဝန်းကျင် လျော့ကျပြီး၊ တန်ချိန် ၅ ဒသမ ၂၆ သန်းရှိမယ်လို့ ဆိုပါတယ်။ ဒါပေမယ့် ပုံမှန်ဆောင်းပဲထွက် ရှိမှု တန်ချိန် ၁၁ ဒသမ ၅ သန်းခန့်နဲ့ဆိုရင် ၂၀၁၂-၁၃ မှာ စုစု ပေါင်းပဲထုတ်လုပ်မှုကပြီးခဲ့တဲ့နှစ်ထက်တန်ချိန် ၂ သိန်း လောက် လျော့ကျပြီး၊ တန်ချိန် ၁၇ သန်းရှိမယ်လို့ နိုင်ငံတော် အသုံးချစီးပွားရေးသုတေသနကောင်စီ (NCAER)မှ ခန့်မှန်း ထားပါတယ်။

အိန္ဒိယကုန်သည်များနဲ့ စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်း (ASSOCHAM)မှ ခန့်မှန်းရာမှာ ၂၀၁၂-၁၃ မှာ ပဲလိုအပ်ချက်တန်ချိန် ၂၁ သန်းရှိနိုင်ပြီး၊ ၂၀၁၃-၁၄ မှာ တန်ချိန် ၂၁ ဒသမ ၄၂ သန်းနဲ့ ၂၀၁၄-၁၅ မှာ တန်ချိန် ၂၁ ဒသမ ၉၁ သန်းကို မြင့်တက်နိုင်တယ်လို့ သိရပါတယ်။ ဧပြီ လအတွင်း ကုလားပဲတန်ချိန် ၇၆ သိန်းအထိ အမြောက် အမြားထွက်ရှိခဲ့တဲ့တိုင် ဈေးနှုန်းက စားသုံးသူတွေအတွက် အလှမ်းဝေးခဲ့တယ်လို့ဆိုပါတယ်။ယခုနှစ်သြဂုတ်လ နဲ့ အောက် တိုဘာလအတွင်း ကုလားပဲဈေးက တစ်တန် ရူပီး ၄၈၀၀၀-၅၀၀၀၀ (ကန်ဒေါ်လာ ၈၂၈-၉၀၉)အထိ မြင့်တက်နေခဲ့ပါ တယ်။ ယခုနှစ် ကုလားပဲစိုက်ဧရိယာက ရာသီဥတုအခြေအနေ မပေးလို့ သိသိသာသာ ကျဆင်းနေပါတယ်။ ဒါပေမယ့် တင် သွင်းမှု ပိုမိုမြင့်တက်ခြင်းကြောင့် ကုလားပဲဈေးက လက်ရှိ ပမာဏကနေ ၂၀၁၃ ဖေဖော်ဝါရီလမှာ ၁၀-၁၅ ရာခိုင် နှုန်းခန့်ကျဆင်းဖွယ်ရှိတယ်လို့ ခန့်မှန်းကြပါတယ်။ ပဲနီလေး ထုတ်လုပ်မှုကလည်း ၂၅-၃၀ ရာခိုင်နှုန်းခန့် ကျဆင်းနိုင်တယ် လို့ ကုန်သည်များက ဆိုပါတယ်။ ပြီးခဲ့တဲ့နှစ်က ပဲနီလေးတန် ချိန် ၁၃-၁၄ သိန်းထွက်ရှိရာမှ ယခုနှစ်မှာ တန်ချိန် ၁၂ သိန်း ဝန်းကျင်ခန့်ကို ကျဆင်းနိုင်တယ်လို့ ဆိုပါတယ်။ ပဲစင်းငုံကလည်း ယခုနှစ် မိုးရာသီမှာ ပိုးကျရောက်မှု ကြောင့် ထွက်ရှိမှု ၁၀ ရာခိုင်နှုန်းဝန်းကျင်ကျဆင်းနိုင် တယ်လို့ ဆိုပါတယ်။ အိန္ဒိယရဲ့ စုစုပေါင်း ပဲထုတ်လုပ်မှု တန်ချိန် ၁၈ သန်းဝန်းကျင်မှာ ပဲစင်းငုံက ၁၅ ရာခိုင်နှုန်းခန့် ပါဝင်ပါတယ်။ ပဲစင်းငုံစိုက်ဧရိယာက ပြီးခဲ့တဲ့နှစ်စိုက်ဟက်တာ ၃၇ ဒသမ ၅၃ သိန်းရှိရာမှ ယခုနှစ်မှာ ၁ ဒသမ ၆ ရာခိုင်နှုန်းကျဆင်းပြီး၊ ဟက်တာ၃၆ ဒသမ ၁၇ သိန်းဝန်းကျင်ရှိပါတယ်။ ဈေး အနိမ့် ဆုံးပဲဖြစ်တဲ့ ပဲဝါလေးက တင်သွင်းပဲရဲ့ အဓိက ဝေစုထဲမှာ ပါဝင်ပါတယ်။ အိန္ဒိယဈေးကွက်ထဲမှာ ပဲဝါလေးရရှိနိုင်မှုက အခြားပဲတွေထက် ပိုမိုနေပြီး၊ အစိုးရရဲ့ စာရင်းတွေအရ ၂၀၁၁-၁၂ တင်သွင်းပဲတွေထဲမှာ ပဲဝါလေးက ၆၀ ရာခိုင်နှုန်း ပါဝင်တယ်လို့ သိရပါတယ်။ ယခုနှစ်တင်သွင်းမှုမြင့်တက်ပေ မယ့် ပဲဝါလေးဈေးက အမြင့်ဘက်ကို ဦးတည်ပြနေတယ်လို့ ကုန်သည်များက ဆိုပါတယ်။ ပဲရောင်းချမှုက နဂိုကတည်းက ဝယ်လိုအားထက် နည်း နေပါတယ်။ ယေဘုယျအားဖြင့် ပဲရောင်းချမှု အနည်းငယ် လျော့ကျရင် ဈေးနှုန်းသိသိသာသာမြင့်တက်လေ့ရှိပါတယ်။ ယခုနှစ်ပဲတင်သွင်းမှု ပမာဏနည်းခြင်း ကလည်း စိုးရိမ်မှု ဖြစ် စေပါတယ်။ ပြီးခဲ့တဲ့နှစ်နဲ့ယှဉ်ရင် ပဲတင်သွင်းမှု သိသိ သာသာ ကျဆင်းတယ်လို့ သိရပါတယ်။             ယမင်းရွှေစင်